စစ်တပ်မီးရှို့ခဲ့တဲ့ ဆောမြို့ကရွာနှစ်ရွာ အိမ်ခြေတရာကျော် ပျက်စီးနိုင်

မကွေးတိုင်း၊ ဆောမြို့နယ်က လက်ပန်းနဲ့ ပဆုပ်ရွာတွေကို နိုဝင်ဘာ (၁၅) ရက်မှာ စစ်တပ်က မီးရှို့ခဲ့လို့ နှစ်ရွာပေါင်း အိမ်ခြေ တရာကျော်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။

လက်ပန်းရွာဟာ အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ ရွာဖြစ်ပြီး မီးရှို့ခံရလို့ အိမ်ခြေထက်ဝက်လောက် ပျက်စီးသွားကာ အိမ်ခြေတရာကျော်ရှိတဲ့ ပဆုပ်ရွာကတော့ သုံးပုံနှစ်ပုံလောက် ပျက်စီးသွားတဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။

“အိမ်ကြီးအိမ်ကောင်း၊တိုက်တွေကြီး ရွေးရှို့သွားတာ၊ လေလာတဲ့အရပ်ကနေရှို့တာဆိုတော့ အကုန်လောင်ပဲ၊ ပဆုပ်က တစ်ရာကျော်ရှိမှာ သုံးဆယ်ကျော်လေးဆယ်လောက်ပဲကျန်မှာ” လို့ စစ်ရှောင်တဦးကပြောပါတယ်။

အဲ့ဒီရွာတွေမှာ မနေ့ကတည်းက စစ်ကောင်စီစစ်ကြောင်းမရှိတော့ပေမယ့် ဒီကနေ့အထိ ကျောက်ထုမြို့ဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် ရွာခံတွေဟာ ရွာထဲ မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

အဲ့ဒါကြောင့် မီးရှို့ခံရလို့ ပျက်စီးဆုံးရှုံးတဲ့ နေအိမ်အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

“မနက်ပြန်ဖို့လုပ်ကြသေးတယ်၊ လက်နက်ကြီးတွေန (နဲ့) ကျောက်ထုကနေ လှမ်းထုလို့ပြေးလာခဲ့ကြ ရတာ၊ တောထဲက ကမ်းပါးစပ်မှာကပ်နေကြရတာ” လို့ နေအိမ်ကနေ တိမ်းရှောင်နေရတဲ့ ပဆုပ်ရွာခံ တဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က လက်ပန်းရွာနဲ့ပဆုပ်ကျေးရွာကို မီးရှို့သွားတဲ့အပြင်လက်နက်ကြီးတွေနဲ့လည်း ရမ်းသန်းပစ်ခတ်တာကြောင့် ကံကြီးကျေးရွာက အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးက ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့ ဆောမြို့ ပ.က.ဖ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

မနေ့ကစစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသတွင်းက လျှပ်စစ်တာဝါတိုင်တချို့ လက် နက်ကြီးထိမှန်ကာ ယောမြို့၊ ချောင်းကူးဘက်က ကျေးရွာတွေလည်း လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ကျောက်ထုကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ လက်ရှိစစ်ရှောင်နေရတဲ့ ပြည်သူ ငါးရာဝန်းကျင် ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာထဲကနေ အိမ်ဝင်ပေါက်လိုနေရာတွေမှာ မိုင်းတွေထောင်ထားခဲ့တတ် တာကြောင့် စစ်ရှောင်တွေအနေနဲ့ နယ်မြေခံကာကွယ်ရေးတပ်တွေ ရှင်းလင်းရေး လုပ်ဆောင်ပြီးမှသာ ရွာထဲပြန်ဝင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အခုနှစ်မတ်လအတွင်းကလည်း လက်ပန်းကျေးရွာထဲကို လက်နက်တွေရှာဖွေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်မွှေနှောက်ခဲ့ဖူးပါတယ်။