ရေပိုင်နက် အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ တရုတ်နဲ့ ဖိလစ်ပိုင် သဘောတူ

ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်း ဖြေရှင်းကြဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း ဘေဂျင်းမြို့တော်ကို ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ ရောက်ရှိခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့နောက် အခုလို ညှိနှိုင်းမှု ရလဒ်မျိုး ထွက်ပေါ်လာခဲ့တာပါ။ တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ် ပင်လယ်ထဲမှာ ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေ တင်းတင်းမာမာ ဖြစ်ပေါ်နေတဲ့ နိုင်ငံတွေပါ။

မားကို့စ်ရဲ့ ခရီးစဉ်မှာတော့ တရုတ်နဲ့ ဖိလစ်ပိုင် အစိုးရတွေဟာ နှစ်နိုင်ငံ တင်းမာမှုတွေကို လျှော့ချရေးအတွက် ကဏ္ဍ ၁၄ ခုမှာ ညှိနှိုင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

တရုတ်ဟာ တောင်တရုတ် ပင်လယ် ရေပြင် တစ်ခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ်လိုနေပြီး ဒီကိစ္စကို ဆန့်ကျင်တဲ့ ဖိလစ်ပိုင်ရဲ့ အဆိုဟာ ၂၀၁၆ ခုနှစ်က နိုင်ငံတကာ ခုံရုံး ဆုံးဖြတ်ချက် တစ်ခုမှာ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် တောင်တရုတ် ပင်လယ်ထဲက သန္တာကျောက်တန်း တချို့ပေါ်မှာ တရုတ်က ကျွန်းတုတွေ တည်ဆောက်ပြီး စစ်အခြေစိုက် စခန်းတွေ တည်ဆောက်တဲ့ ကိစ္စကိုလည်း ဖိလစ်ပိုင်က စိုးရိမ်တကြီး ဝေဖန်ခဲ့ဖူးပါတယ်။

အခုသီတင်းပတ် တွေ့ဆုံမှုမှာတော့ ရှီနဲ့ မားကို့စ်တို့က နှစ်နိုင်ငံကြား အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုတွေကို အပြန်အလှန် လေးစားကြဖို့ ကတိကဝတ် ထားရှိခဲ့ကြပါတယ်။ ရေပိုင်နက် အငြင်းပွားမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက်သင့်ဘူးဆိုတဲ့ အယူအဆကို နှစ်နိုင်ငံစလုံးက လက်ခံခဲ့တယ်လို့ မားကို့စ်က ဆိုပါတယ်။

မားကို့စ်ဟာ တရုတ်ကို ၃ ရက်ကြာ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုတွေ အတွက်လည်း ဆွေးနွေးခဲ့ပါတယ်။ မားကို့စ်နဲ့ တွေ့ဆုံချိန်မှာ တရုတ် လုပ်ငန်းရှင်ကြီးတွေက ဖိလစ်ပိုင်မှာ ဒေါ်လာ ၂၂.၈ ဘီလီယံထက်မနည်း ရင်းနှီးမြှုပ်နှံဖို့ သဘောတူ လက်ခံခဲ့တယ်လို့လည်း ဖိလစ်ပိုင် အစိုးရရဲ့ ပြန်ကြားရေး ဌာနက ထုတ်ပြန်သွားပါတယ်။