အဂတိမှုနဲ့ ထောင်တစ်သက်ကျသွားတဲ့ တရုတ် အဂတိ တိုက်ဖျက်ရေး အရာရှိဟောင်း 

တရုတ်ရဲ့ အဂတိ တိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ အရာရှိဟောင်း တစ်ဦးဟာ အဂတိ လိုက်စားမှုနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံလိုက်ရပါတယ်။

တရားရေး ဝန်ကြီးဟောင်း ဖူဇန်ဟွာဟာ တရုတ် အစိုးရရဲ့ အဂတိ တိုက်ဖျက်ရေး အစီအမံ တော်တော်များများမှာ ထိပ်ဆုံး ဦးဆောင်ခဲ့သူအဖြစ် လူသိများပါတယ်။ ဒါပေမဲ့ ဇူလိုင်လမှာတော့ သူဟာ တံစိုးလက်ဆောင်နဲ့ လာဘ်ငွေတွေ ယွမ် ၁၁၇ သန်းဖိုးလောက် ရယူခဲ့ကြောင်း တရားရုံးမှာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အဲဒီ အမှုအတွက် စီရင်ချက်ကို စက်တင်ဘာ ၂၂ ရက်က ချန်ချောင်ခရိုင် တရားရုံးမှာ ချမှတ်ခဲ့ပါတယ်။ တရားရုံးက အဂတိ လိုက်စားမှုအတွက် ဖူဟာ သေဒဏ် ခံယူထိုက်တယ်လို့ စီရင်ချက် ချပေမယ့် အဲဒီပြစ်ဒဏ်ဟာ ထောင်ထဲမှာ ၂ နှစ်ကြာပြီးတဲ့အချိန် ထောင်ဒဏ်တစ်သက်အဖြစ် အလိုအလျောက် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

နောက်လမှာ ကျင်းပမယ့် တရုတ် အာဏာရ ကွန်မြူနစ် ပါတီ ပြည်လုံးကျွတ် ညီလာခံ မတိုင်ခင် အစိုးရ အရာရှိတွေရဲ့ အဂတိ ကိစ္စတွေကို စုံစမ်းစစ်ဆေးမှုတွေ တင်းကျပ်နေချိန်မှာ ဖူက အခုလို ထောင်ဒဏ်ချမှတ် ခံလိုက်ရတာပါ။

တစ်ဖက်မှာတော့ တရုတ်ရဲ့ အဂတိ တိုက်ဖျက်ရေး အစီအမံတွေ ဆိုတာက နိုင်ငံရေး ပြိုင်ဘက်တွေကို ရှင်းလင်းပစ်ဖို့ သမ္မတ ရှီကျင့်ဖျင်ရဲ့ မဟာဗျူဟာ လက်နက် တစ်ခုသာဖြစ်ကြောင်း စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဖူကို ပြစ်ဒဏ် မချမှတ်ခင် အခုသီတင်းပတ်ထဲမှာ နောက်ထပ် ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း ၃ ယောက်လည်း ထောင်ဒဏ် အသီးသီး ချမှတ် ခံထားရပါသေးတယ်။

အဲဒီ ၄ ယောက်စလုံးဟာ အဂတိ ပုဒ်မတွေ အတပ်ခံရတဲ့အပြင် သမ္မတ ရှီအပေါ်မှာလည်း သစ္စာမစောင့်သိခဲ့ဘူးလို့ စွပ်စွဲ ခံခဲ့ရပါတယ်။ အဂတိမှုတွေနဲ့ ထောင်ချခံရသူတွေဟာ တရုတ်ရဲ့ လုံခြုံရေး အကြီးအကဲဟောင်း ဆွန်လီကျုံရဲ့ အသိုက်အဝန်းနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဆွန်ဟာ ရှီနဲ့ ပြိုင်ဘက်အသွင်ဆောင်တဲ့ ကိုယ်ပိုင် နိုင်ငံရေး အင်အားစု တစ်ခုကို ထူထောင်ဖို့ ကြိုးစားခဲ့ရာက အဖမ်းခံရပြီး လောလောဆယ်မှာ တရားရုံးက ချမှတ်မယ့် ပြစ်ဒဏ်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

Ref: BBC

Delta News

Read Previous

 ရုရှားဆီ လက်နက်ရောင်းနေကြောင်း စွပ်စွဲချက်တွေကို မြောက်ကိုရီးယား ငြင်းဆို 

Read Next

ကိုဗစ် ထောက်ပံ့ငွေ ဒေါ်လာ ၇ သန်း လိမ်ယူပြီး အိမ်တွေကားတွေ ဝယ်ထားတဲ့ အမျိုးသား