ကိုဗစ် ထောက်ပံ့ငွေ ဒေါ်လာ ၇ သန်း လိမ်ယူပြီး အိမ်တွေကားတွေ ဝယ်ထားတဲ့ အမျိုးသား

ကပ်ရောဂါကာလ စီးပွားရေး အထောက်အပံ့ ရန်ပုံငွေ ဒေါ်လာ ၇ သန်းကျော် လိမ်ယူပြီး အိမ်အကောင်းစား၊ ကားအကောင်းစားတွေ ဝယ်ယူခဲ့တဲ့ အမျိုးသားကို ပြစ်မှုထင်ရှားကြောင်း အမေရိကန် တရားရုံး တစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

အသက် ၄၆ နှစ်အရွယ် ဒွန်ဆီစတာနီနိုက သူဟာ ကိုဗစ်ရောဂါ ဖိစီးနေတဲ့ ကာလအတွင်း ယိမ်းယိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ထောက်ပံ့ပေးတဲ့ ရန်ပုံငွေတွေထဲက ဒေါ်လာ ၇.၂ သန်းလောက်ကို လိမ်လည် ထုတ်ယူခဲ့ကြောင်း ​ဝန်ခံခဲ့ပါတယ်။ ဖလော်ရီဒါမှာ နေထိုင်တဲ့ ဒွန်ဆီစတာနီနိုဟာ ဝန်ထမ်းတွေအတွက် လုပ်ခလစာ ထောက်ပံ့ပေးတဲ့ PPP ရန်ပုံငွေ (Paycheck Protection Program)ကနေ ငွေကြေးတွေ ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒွန်ဆီစတာနီနိုက သူ့ကိုယ်ပိုင် လုပ်ငန်းမှာ ဝန်ထမ်းပေါင်း ၄၄၁ ဦးကို ခန့်အပ်ထားတယ်လို့ ရန်ပုံငွေ ထုတ်ပေးရေး တာဝန်ရှိသူတွေဆီ စာရွက်စာတမ်း အတုတွေနဲ့ လိမ်လည်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ သူဟာ တစ်နှစ်စာ ဝန်ထမ်းလစာ စုစုပေါင်း ဒေါ်လာ ၂.၈ သန်း သုံးခဲ့ရတယ်လို့လည်း ဒွန်ဆီစတာနီနိုက မင်သေသေနဲ့ စာရင်းလိမ်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ သူ့ကုမ္ပဏီ တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ သူတစ်ယောက်တည်းသာ ရှိခဲ့တာပါ။

ဒွန်နီစတာတီနိုဟာ ရန်ပုံငွေ အထောက်အပံ့ကနေ ထုတ်ယူလာတဲ့ ဒေါ်လာ ၇.၂ သန်းကို ဆီမီနိုလီ ခရိုင်က စတုရန်းပေ ၁၂၆၀၀ နီးပါးလောက် ကျယ်ဝန်းတဲ့ ဇိမ်ခံ စံအိမ်ကြီးတစ်လုံး၊ Lincoln Navigator၊ Maseratiနဲ့ Mercedes-Benz ကားအသစ်တွေ ဝယ်ယူရာမှာ အသုံးပြုလိုက်ပါတယ်

နောက်တော့ PPP ရန်ပုံငွေ ကိစ္စတွေနဲ့ ပတ်သက်လို့ သူ့ကို နောက်ကြောင်းလိုက် စုံစမ်းနေမှန်း သိတဲ့အခါ ဒွန်နီစတာတီနိုက ဆွစ်ဇာလန် နိုင်ငံကို ထွက်ပြေးသွားပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှာတော့ ဆလိုဗေးနီးယားကို ဖြတ်ပြီး ခရိုအေးရှားကို ဝင်ရောက်ဖို့ ကြိုးစားနေချိန်မှာ သူ့ကို ဖမ်းမိခဲ့ကြောင်း အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သူ့ရဲ့ အမှုအတွက် အပြီးသတ် စီရင်ချက် မချရသေးပေမယ့် အစိုးရ ရှေ့နေတွေနဲ့ ညှိနှိုင်းပြီးတဲ့နောက် ဒွန်နီစတာတီနိုက ပိုင်ဆိုင်မှုတွေ အားလုံးကို ပြန်လည် ထုခွဲရောင်းချပေးပြီး ရန်ပုံငွေ အဖွဲ့ဆီ ပြန်လွှဲပေးဖို့ သဘောတူထားကြောင်းလည်း သိရပါတယ်။

Ref: UPI