နှစ်သစ်မှာ နျူကလီးယား လက်နက်တိုက် ဆက်ချဲ့မယ်လို့ ကင်ဂျုံအန်းပြော

မြောက်ကိုရီးယားဟာ ပိုမိုကြီးမားတဲ့ နျူကလီးယား လက်နက်တိုက်မျိုး ပိုင်ဆိုင်ဖို့ ၂၀၂၃ ခုနှစ် တလျှောက်လုံး မမှိတ်မသုန် ကြိုးစားသွားမယ်လို့ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက နှစ်သစ်ကူး ကာလမှာ ပြောကြားသွားခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်က မိန့်ခွန်းမှာ ကင်က အမေရိကန် ဦးဆောင်တဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် မြောက်ကိုရီးယား အနေနဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေ တိုးမြှင့် ပိုင်ဆိုင်ဖို့ ကြိုးစားရမှာ ဖြစ်သလို ပိုပြီး ကြီးမားတဲ့ နျူကလီးယား လက်နက်တိုက်မျိုးလည်း လိုအပ်လာတယ်လို့ ထည့်သွင်း မှတ်ချက် ပေးသွားပါတယ်။

အာဏာရ အလုပ်သမား ပါတီ အစည်းအဝေးမှာ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ကင်က မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ပိုပြီး အရှိန်အဝါ ကြီးတဲ့ စစ်အင်အားမျိုး လိုအပ်တယ်လို့လည်း ပြောကြားသွားပါတယ်။

တောင်ကိုရီးယား လေပိုင်နက်ထဲ မြောက်ကိုရီးယား ဒရုန်းတွေ ကျူးကျော် ဝင်ရောက်ခဲ့တာကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမျိုးမှာ ကင်မ်က အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တုန်းက မြောက်ကိုရီးယားဟာ တာဝေး ပျံသန်းနိုင်တဲ့ တိုက်ချင်းပစ်ဒုံးတွေ အပါအဝင် ဒုံးကျည် အမျိုးပေါင်းစုံ အစင်း ၁၀၀ လောက်ထိ ပစ်ခတ်ခဲ့ပါတယ်။

ကင်က အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားကို ပိုပြီး အထီးကျန်အောင် ရည်ရွယ်ချက်ရှိ ဖယ်ထုတ်ဖို့ ကြိုးစားနေကြောင်းနဲ့ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေကို တောင်ကိုရီးယားမှာ ပိုမို ဖြန့်ကျက်နေကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။

သူက မြောက်ကိုရီးယားဟာ မြန်ဆန်တဲ့ နျူကလီးယား တန်ပြန်တိုက်စစ် ဗျူဟာတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်မယ့် နောက်ထပ် တိုက်ချင်းပစ်ဒုံးကျည် စနစ်တစ်ခုကိုလည်း ဖော်ထုတ် တီထွင်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ စစ်ရေးလေ့ကျင့် လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်လာခြင်းကြောင့် တောင်ကိုရီးယားဟာ တကယ့် ရန်သူစစ်စစ်ဆိုတာ ပိုမို ပီပြင်လာနေကြောင်းလည်း ကင်က ပြောသွားပါတယ်။ တောင်ကိုရီးယား သမ္မတဟောင်း မွန်းဂျေအင်း လက်ထက်တုန်းကတော့ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ အတန်အသင့် ပြန်လည် နွေးထွေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ လက်ရှိ သမ္မတ ယွန်ဆွတ်ယိုကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ရင် သဘောထား တင်းမာသူ တစ်ဦးဖြစ်ပြီး လိုအပ်လာရင် ရန်သူကို လက်ဦးမှုယူ အမြစ်ပြတ် ချေမှုန်းရမယ် ဆိုတာမျိုးတောင် ပြောဆိုထားဖူးပါတယ်။