မြောက်ကိုရီးယား ဂြိုဟ်တု မလွှတ်တင်ခင် ဒုံးကျည် ကာကွယ်ရေး တပ်တွေကို ဂျပန် တပ်လှန့်ထား

မေ၊ ၂၉

မြောက်ကိုရီးယားက ဂြိုဟ်တု လွှတ်တင်မယ့် အစီအစဉ်ကြောင့် ဒုံးကျည်နဲ့ လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေကို တပ်လှန့်ထားလိုက်ကြောင်း ဂျပန် အစိုးရက ပြောပါတယ်။

မြောက်ကိုရီးယားက ဂြိုဟ်တု လွှတ်တင်မယ့် အစီအစဉ် တခုကို မေလ ၃၁ ရက်ကနေ ဇွန်လ ၁၁ ရက်အတွင်း ပြုလုပ်နိုင်တယ်လို့ အကြောင်းကြားထားကြောင်း ဂျပန်က ဆိုပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဂြိုဟ်တုအစား တိုက်ချင်းပစ် ဒုံးကျည်တွေနဲ့ ဆက်စပ်တဲ့ စမ်းသပ် လွှတ်တင်မှု တခုခု ဖြစ်နေမှာကို ဂျပန်က စိုးရိမ်နေပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ပြီးခဲ့တဲ့ လပိုင်းကတည်းက ပထမဆုံးသော နိုင်ငံပိုင် ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်ဖို့ စီစဉ်နေကြောင်း ကြေညာထားခဲ့ပါတယ်။ အခုအခါ အဲဒီ အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပြီး ဂြိုဟ်တု လွှတ်တင်ချိန် ကိုရီးယား ကျွန်းဆွယ် အနောက်ဖက် ရေပြင် ဇုန်နှစ်ခုနဲ့ ဖိလစ်ပိုင် အရှေ့ပိုင်း ရေပြင်က ဇုန်တခုတို့မှာ ဒုံးပျံ အစိတ်အပိုင်းတချို့ ကျဆင်းနိုင်ကြောင်း သတိပေးထားပါတယ်။

ဂျပန်ကတော့ ဂြိုဟ်တုကို တင်ဆောင် ပျံတက်သွားမယ့် ဒုံးပျံတစီးဟာ တိုက်ချင်းပစ် ဒုံးကျည် တစင်းနဲ့ နည်းပညာပိုင်း ကွဲပြားမှု သိပ်မရှိဘူးလို့ ယူဆထားပါတယ်။ တကယ်လို့ မြောက်ကိုရီးယားက ဒုံးပျံ လွှတ်တင်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားရဲ့ စစ်လက်နက်ဆိုင်ရာ လှုပ်ရှားမှုတွေကို ကန့်သတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်လာမယ်လို့လည်း ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်ချိန် ဂျပန်ပိုင်နက်ထဲ ကျဆင်းလာနိုင်တဲ့ အစိတ်အပိုင်းတွေကို​ ကြားဖြတ် ပစ်ချဖို့လည်း လေကြောင်းကာကွယ်ရေး ယူနစ်တွေကို တပ်လှန့်ထားတာ ဖြစ်ပါတယ်။

မိုးပေါ်ကနေ ရုတ်တရက် ကျလာမယ့် ဒုံးပျံ အစိတ်အပိုင်းတွေဟာ ဂျပန်ပြည်သူတွေရဲ့ လုံခြုံရေးကို အကြီးအကျယ် ထိပါး ခြိမ်းခြောက်နိုင်တဲ့အတွက် လိုအပ်တဲ့ အစီအမံတွေကို ကြိုတင် ရွေးချယ်ထားတာ ဖြစ်တယ်လို့ ကီရှီဒါက ဆိုပါတယ်။

ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုက မြောက်ကိုရီးယားသာ ဒုံးပျံတစင်း ပစ်လွှတ်ခဲ့မယ်ဆိုရင် ဒေသတွင်းရော၊ နိုင်ငံတကာ အသိုက်အဝန်း တခုလုံးရဲ့ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေမယ့် ရန်လိုမှုကြီး ဖြစ်လာမယ်လို့ သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒုံးကျည် အမျိုးမျိုး စမ်းသပ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပြီး တချို့ ဒုံးကျည်တွေကိုတော့ ဂျပန် လေပိုင်နက်ကိုပါ ကျော်လွန်ပြီး ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။  

 

Ref: Reuters