ရုရှားကို လက်နက်ရောင်းနေကြောင်း သတင်းတွေကို မြောက်ကိုရီးယား ငြင်းဆို

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ ရောင်းချပေးနေကြောင်း သတင်းတွေကို မြောက်ကိုရီးယား အစိုးရက ပယ်ချသွားခဲ့ပါတယ်။

 

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီသတင်းတွေဟာ အခြေအမြစ် လုံးဝမရှိဘူးလို့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ယူကရိန်းအတွက် စစ်လက်နက်တွေ ပံ့ပိုးပေးနေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။ အမေရိကန်ဟာ စစ်ပွဲကို ရပ်တန့်ဖို့ ကူညီမယ့်အစား စစ်လက်နက်တွေ ဖြည့်တင်းပေးပြီး ပဋိပက္ခကို မီးစာဖြည့်ပေးနေတယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။

 

ဂျပန်ရဲ့ တိုကျိုရှင်ဘွန်း သတင်းစာက မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လတုန်းက လက်နက်ကြီး ကျည်ဆန်တွေ အပါအဝင် ခဲယမ်းမီးကျောက်တွေကို နှစ်နိုင်ငံ နယ်စပ်ကနေတဆင့် ရုရှားဆီ ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် သီတင်းပတ်တွေမှာလည်း အလားတူ ထောက်ပံ့မှုတွေ ရှိလာနိုင်သေးတယ်လို့လည်း ဂျပန် မီဒီယာ ဌာနက ဆိုပါတယ်။

 

ဂျပန်ရဲ့ ပေါက်တတ်ကရ သတင်း ဖော်ပြချက်တွေဟာ မှတ်ချက်ပေးဖို့၊ ဒါမှမဟုတ် အရေးတယူ လုပ်ဖို့တောင် မတန်ကြောင်း၊ မြောက်ကိုရီးယားဟာ ရုရှားဆီ ဘယ်လို စစ်လက်နက်မှ တင်ပို့မှု မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုပါတယ်။

 

ဒီအတောအတွင်း အမေရိကန် အစိုးရကလည်း မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှား ကြေးစားတပ် ဝက်ဂ်နာအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးနေတာလို့ စွပ်စွဲခဲ့ပါသေးတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဝက်ဂ်နာနဲ့ ပတ်သက်လို့ ဘာမှ ထည့်ပြောမသွားခဲ့ပါဘူး။

 

အဲဒီအစား ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပြီး စစ်ပွဲမှာ သွယ်ဝိုက် ပါဝင်နေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကိုသာ အင်မတန် အန္တရာယ်များတဲ့ ကိစ္စတစ်ခုလို့ စွပ်စွဲ ဝေဖန်သွားခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူသိရှင်ကြား ဖြေရှင်း ငြင်းဆိုမှု အပြီးမှာတော့ မြောက်ကိုရီးယား စစ်တပ်ဟာ ဂျပန်နိုင်ငံ တည်ရှိရာဖက်ကို ချိန်ရွယ်ပြီး အရှေ့ပင်လယ် ရေပြင်ဆီ ဒုံးကျည်နှစ်စင်း စမ်းသပ် ပစ်ခတ်ပြခဲ့ကြောင်းလည်း သိရပါတယ်။