အစားအသောက် တချို့မှာ ကိုရိုနာဗိုင်းရပ်စ်က ရက်အတော်ကြာ ရှင်သန်နိုင်ကြောင်း အတည်ပြု

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ တချို့သော စားသောက်ကုန် အမျိုးအစားတွေမှာ ရက်ပေါင်း အတော်ကြာ ရှင်သန် တွယ်ကပ်နေနိုင်ကြောင်း ဗြိတိန် သုတေသီတွေက အတည်ပြုလိုက်ပါတယ်။ 

ဗြိတိန်ရဲ့ အစားအသောက် စံနှုန်းသတ်မှတ်မှု အေဂျင်စီ (FSA)က စားသောက်ကုန် အမျိုးမျိုးမှာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်က ဘယ်လောက်ကြာအောင် တွယ်ကပ်နေနိုင်သလဲ ဆိုတာကို ရည်ရွယ်ချက်ရှိရှိ စမ်းသပ် လေ့လာခဲ့တာ ဖြစ်ပါတယ်။ 

FSAနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေ အသီးအနှံတွေ၊ အသင့်စား စားသောက်ကုန်တွေ၊ အအေးပုလင်းတွေ စသဖြင့် အစားအသောက် ပေါင်းစုံကို နှိုင်းယှဉ် လေ့လာခဲ့ကြပါတယ်။ အထူးသဖြင့် လူတွေက မချက်ပြုတ်ဘဲ၊ ဒါမှမဟုတ် မဆေးကြောဘဲ တိုက်ရိုက် စားသောက်မယ့် အမျိုးအစားတွေကို အဓိကထား လေ့လာခဲ့ကြပါတယ်။ 

အစားအသောက် အများစုမှာ ကပ်တွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ၂၄ နာရီလောက် အကြာမှာ ပမာဏ သိသိသာသာ လျော့ပါးသွားပါတယ်။ ဒါပေမဲ့ တချို့ အစားအစာတွေမှာတော့ ဗိုင်းရပ်စ်တွေဟာ သီတင်းပတ်နဲ့ချီ ဆက်လက် တည်မြဲနေတယ်လို့ ဆောက်သမ်တန် တက္ကသိုလ်ရဲ့ သုတေသီ အဖွဲ့က ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ 

Sars-Cov-2လို ကူးစက်နှုန်း မြင့်မားတဲ့ ရောဂါပိုးမွှားတွေဟာ အရာဝတ္ထု မျက်နှာပြင်တွေကနေ ပျံ့နှံ့နိုင်စွမ်း အမှန်တကယ် ရှိနေတာကို သိပ္ပံနည်းကျ အတည်ပြု တွေ့ရှိစေခဲ့တဲ့ အခုစမ်းသပ်မှုဟာ အမှန်တကယ် အကျိုးရှိကြောင်း အဲဒီ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ 

 ဒါပေမဲ့ စျေးဝယ်သူတွေ အနေနဲ့ စားသောက်ကုန်တွေကို ထိတွေ့ ကိုင်တွယ်ရာမှာ အလွန်အကျွံ သံသယ ကြီးကြီးမားမား ဖြစ်နေဖို့တော့ မလိုဘူးလို့လည်း သုတေသီတွေက ဆိုပါတယ်။ အဓိက အရေးကြီးတာက အစားအသောက်တွေကို ဝယ်ယူလာပြီး ပြင်ဆင်ချိန်၊ စားသောက်ချိန်တွေမှာ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် သေချာဆေးဖို့သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ကိုဗစ် ကူးစက်မှုတွေဟာ အစားအသောက်နဲ့ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ကနေတဆင့် ပျံ့နှံ့တာမျိုးက အရမ်းနည်းပြီး ရောဂါပိုးမွှား ပျံ့နှံ့ ရောနှောနေတဲ့ အသက်ရှူ လမ်းကြောင်းက အငွေ့အမှုန်တွေကနေသာ အဓိက ကူးစက်နိုင်တယ်လို့ FSAရဲ့ သုတေသနပြု လေ့လာမှုမှာ အဖွဲ့ခေါင်းဆောင် တာဝန် ယူခဲ့သူ အနုဇီဝ ပရော်ဖက်ဆာ အန်သိုနီ ဝီလ်ဆန်က ပြောကြားသွားပါတယ်။ 

Sars-Cov-2 ဗိုင်းရပ်စ်ဟာ အစားအသောက် အမျိုးမျိုးမှာ ကွဲပြားတဲ့ ကာလတွေ တည်မြဲ ရှင်သန်နိုင်ပြီး အေးခဲထားတဲ့ သံဘူး၊ အသားဘူးမျိုး တချို့မှာဆိုရင် သီတင်းတစ်ပတ်ကျော်လောက်ထိ ဗိုင်းရပ်စ်တွေ မပျက်မစီး ရှိနေတတ်ကြောင်း သိရပါတယ်။