နီပွန်ဖောင်ဒေးရှင်း ဥက္ကဌရဲ့ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်တာဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခပြော

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်ရပ်မှုဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပေါ်ပေါက်လာတာဖြစ်ပြီး နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဖိအားကြောင့်ဖြစ်လာရတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ မဟုတ်မှန်ဘူးလို့ AA ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ နိုဝင်ဘာ (၂၈) ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်တပ်နဲ့ AA တို့ဟာ အခုနှစ် ဇူလိုင်လကနေ ပြီးခဲ့တဲ့ရက်ပိုင်းအထိ တကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့ပြီး နိုဝင်ဘာ (၂၆) ရက်မှာတော့ အပစ်ရပ်လိုက်တယ်လို့ နှစ်ဘက်ပြောရေးဆိုခွင့်ရှိသူတွေက ထုတ်ပြောပါတယ်။ ဒီလို အပစ် ရပ်လိုက်တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားတွေကြောင့်လို့ သုံးသပ်မှုတွေရှိနေပေမယ့် ခိုင်သုခကတော့ အဲ့ဒီအချက်ဟာ မှားယွင်းတယ်လို့ဆိုပါတယ်။

လက်ရှိအပစ်အခတ်ရပ်စဲမှုဟာ ရခိုင်ပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ် ပြီး လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲမှုသာဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

“ကျန်တဲ့အပိုင်းတွေကတော့ ဘာမှ အပြောင်းအလဲမရှိဘူး၊ နိုင်ငံရေးရပ်တည်ချက်ကတော့ နဂိုအတိုင်းပဲဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

AA နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဟာ ရခိုင်ဒေသတွင်းက အများပြည်သူသွားလာအသုံးပြုတဲ့ လမ်းတွေအားလုံးနီးပါးကို ပိတ်တဲ့အပြင် ဆေးဝါး၊ ရိက္ခာ သယ်ယူခွင့်တွေကိုပါ ကန့်သတ်၊ တားမြစ်ထားခဲ့တဲ့အတွက် ပြည်သူတွေမှာ စားနပ်ရိက္ခာအခက်ကြုံကြရသလို ဆေးရုံတွေမှာလည်း ဆေးဝါးပြတ်တောက်မှုတွေနဲ့ ကြုံကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် လယ်သမားတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သူတို့ရဲ့လယ်ယာတွေကို မရိတ်သိမ်းနိုင်ဘဲ ရှိနေကြတယ်လို့ ဆိုကြပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် အခုလို အပစ်အခတ် ရပ်စဲလိုက်တာလို့ ULA/AA က ဆိုပါတယ်။

“လောလောဆယ်မှာ ရခိုင်ပြည်သူတွေအတွက် အဓိကအကျဆုံးက စားနှပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ အခုစပါးရိတ်သိမ်းရာသီမှာ စပါးရိတ်သိမ်းနိုင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်” လို့ ခိုင်သုခက ပြောပါတယ်။

ဒါပေမယ့် အပစ်ရပ်ပြီး တစ်ရက်အကြာ ဒီကနေ့အထိတော့ ဒေသတွင်းမှာ စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ လမ်းတွေထဲက အနည်းစုကိုသာ ပြန်ဖွင့်ပေးသေးပြီး အများစုကို ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲကာလအတွင်းမှာ ပုဏ္ဏားကျွန်း – စစ်တွေ၊ ပုဏ္ဏားကျွန်း – ရသေ့တောင်၊ မင်းပြား – မြေပုံ၊ အငူမော် – မောင်တော စတဲ့ကားလမ်းတွေကို ပိတ်ထားခဲ့ပြီး လက်ရှိမှာ အဲဒီအထဲက အငူမော် – မောင်တော ကားလမ်းတစ်ခုတည်းကိုပဲ ပြန်ဖွင့်ပေးပါသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေလမ်းကြောင်းအနေနဲ့ဆိုရင်လည်း စစ်တွေ – ရသေ့တောင်၊ စစ်တွေ – ဘူးသီးတောင်၊ စစ်တွေ – မြောက်ဦး၊ စစ် တွေ – ပေါက်တော၊ စစ်တွေ – မင်းပြား၊ စစ်တွေ – မြေပုံ စတဲ့လမ်းတွေကို ပိတ်ထားခဲ့ပြီး လက်ရှိမှာ စစ်တွေ – ရသေ့တောင်နဲ့ စစ်တွေ – ဘူးသီးတောင်တို့ကိုပဲ ပြန်ဖွင့်ပေးသေးတယ်လို့ သိရပါတယ်။

“အပစ်ရပ်လို့ လမ်းတွေလည်းမဖွင့်ဘူး၊စပါးလည်းမရိတ်ရဘူးဆိုရင် အပစ်ရပ်တာ ဘာမှတန်ဖိုး မရှိဘူး၊ ပြန်ပြီး တောင်ပြည်သူတွေအများကြီး ဒုက္ခရောက်ဦးမယ်၊နှစ်ဘက်ရပ်လိုက်ရင် သူတို့အင်အားဖြည့်ဖို့၊ရိက္ခာဖြည့်ဖို့၊ သူ တို့အားရောက်သွားရင် ပြည်သူတွေပိုဒုက္ခရောက်တယ်”လို့ မင်းပြားမြို့ဒေသခံတဦးက DNA ကိုပြောပါတယ်။

ရခိုင့်တပ်တော် AA နဲ့ စစ်တပ်တို့ဟာ NLD အစိုးရလက်ထက်မှာလည်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြပြီး အထွေထွေ ရွေးကောက်ပွဲမကျင်းမီ ၂၀၂၀ ခုနှစ်အတွင်းမှာ နှုတ်သဘောတူညီမှုနဲ့ အပစ်ရပ်ခဲ့ကြတာပါ။

အဲ့ဒီနောက်အာဏာသိမ်းကာလအစောပိုင်း ရခိုင်မှာ တိုက်ပွဲတွေငြိမ်သက်နေခဲ့ပြီး နှစ်ဘက် နယ်မြေလွှမ်းမိုးမှု အားပြိုင်ကြရာက အခုနှစ်တွေအတွင်း တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာပါ။

လက်ရှိ အပစ်ရပ်မှုဟာလည်း အလွတ်သဘော အပစ်ရပ်မှုဖြစ်ပြီး ကာလသတ်မှတ်ချက်မရှိဘူးလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။