အေအေ ကအပစ်ရပ်တယ်လို့ ထုတ်ပြန်အပြီး စစ်တပ်က ပိတ်ထားတဲ့ လမ်းတချို့ပြန်ဖွင့်

နိုဝင်ဘာ ၂၇ ရက်နေ့ကစလို့ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် AA တို့ကြား ၂၄ နာရီအတွင်း ပစ်ခတ်တာတွေရပ်စဲတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက သတင်းဌာနတချို့ကနေ တရားဝင်ထုတ်ပြန်ပြောဆိုပြီးတဲ့နောက် စစ်တပ်က ပိတ်ဆို့ထားတဲ့ ကုန်းလမ်းရေလမ်းတချို့ ပြန်ဖွင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က အခုအပစ်အခတ်ရပ်စဲတယ်ပေါ့၊ အရင်တုန်းက ရေလမ်းမှာ နေဗီတွေရှိတယ်။ အခုတော့မရှိတော့ဘူး၊ ပြီးတော့ ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းလည်း ဒီနေ့ဖွင့်ပေးတယ်။ ပုံမှန်အခြေအနေတော့ပြန်ဖြစ်သွားပြီ။ တခြားထူးခြားဖြစ်စဉ်တော့ မရှိပါဘူး’’ လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတဦးက DNA ကိုပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီလောက်မှာ ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကို ပြန်ဖွင့်ခဲ့ပေမယ့် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကတော့ ပြန်မဖွင့်သေးဘူးလို့လည်း ဆက်ပြောပါတယ်။

ရေလမ်းကြောင်းအနေနဲ့ကတော့ လက်ရှိမှာ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ ပြေးဆွဲခွင့်ရရှိပြီး မြောက်ဦး၊ ပေါက်တော၊ မင်းပြားဘက်တွေကိုတော့ မသိရသေးဘူးလို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

လမ်းတွေစဖွင့်ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဆမတန်မြင့်ခဲ့တဲ့ ကုန်စျေးနှုန်းတွေကတော့ ကျသွားတာမရှိသေးလို့ စောင့်ကြည့်ရအုံးမယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ထုတ်ပြန်ပြောဆိုခဲ့တဲ့ ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ကြားက အပစ်ခတ်ရပ်စဲမှုဟာ
ရခိုင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီနဲ့ AA ကြားမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး စစ်ရေးပြန်လည်တင်းမာလာခဲ့ပြီး စစ်ကောင်စီဘက်က ကုန်းလမ်းရေလမ်းတွေကို ပိတ်ဆို့တာတွေနဲ့ ဒေသခံတွေကို အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နုတ်ထွက်စာတွေ ဆက်တိုက်တင်ခဲ့ကြပါတယ်။

Delta News

Read Previous

ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ဒေသခံ ၆ ဦးဒဏ်ရာရ

Read Next

ရာသီဥတုဖောက်ပြန်မှုကို ရုန်းကန်နေရတဲ့ မိရိုးဖလာစိုက်ပျိုးရေး