ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ဒေသခံ ၆ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲက တာဟန်းရပ်ကွက်ထဲမှာ မနေ့ နိုဝင်ဘာ ၂၆ ရက်က မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ မြို့တွင်းရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေထဲအထိ လက်နက်ကြီးတွေရောက်ပြီး ဒေသခံပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ပထမတစ်လုံးကအိမ်ကို ဖောက်ထွက်မှန်သွားတာ။ အဲ့အိမ်က ခွေးခေါင်းကိုမှန်ပြီး ခွေးသေတယ်။ အိမ်ထဲမှာရှိတဲ့ အဖွားကြီးတစ်ယောက်နှင့် ကလေးနှစ်ယောက် ခြေထောက်တွေကိုထိသွားတယ်။ အဲ့ဒီညနေမှာပဲ ရပ်ကွက်လူငယ်တွေက ဆေးရုံပို့ပေးလိုက်ကြတယ်” တာဟန်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ရပ်ကွက်ထဲကို ပထမအကြိမ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာပဲ ရသာစုံဆိုင်နဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းရဲ့ကြားမှာ ကျရောက်ပေါက်ကွဲပြီး နောက်ထပ်ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိတဲ့ ပြည်သူတွေဟာ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ဆေးကုသမူခံယူရတယ်လို့ ကလေးမြို့ဒေသခံသတင်းရင်းမြစ်က ဆက်ပြောပြပါတယ်။

အခုရက်ပိုင်းအတွင်း ကလေးမြို့အနောက်ပိုင်းနှင့် မြောက်ပိုင်းမှာ စစ်ရေးတင်းမာမူ ပြင်းထန်နေပြီး ဒေသခံတွေလည်း လမ်းပေါ်မထွက်သလောက် နည်းပါးနေတယ်လို့ သိရပါတယ်။

Delta News

Read Previous

မြ၀တီမင်းကြီး ဆရာတော်ပျံလွန်တော်မူခြင်း တလပြည့်ပူဇော်ပွဲကို စစ်ကောင်စီပိတ်ပင်

Read Next

အေအေ ကအပစ်ရပ်တယ်လို့ ထုတ်ပြန်အပြီး စစ်တပ်က ပိတ်ထားတဲ့ လမ်းတချို့ပြန်ဖွင့်