စစ်ကောင်စီက တလအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ခြောက်ဆယ်နီးပါးလုပ်ခဲ့ပြီး အရပ်သားတွေအပါအဝင် တရာကျော်သေဆုံး

စစ်ကောင်စီကအခုနှစ် အောက်တိုဘာလ တလတည်းအတွင်း လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှု (၅၇) ထက် မနည်းလုပ်ခဲ့ပြီး အရပ်သားတွေအပါအဝင် တရာကျော်သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar ရဲ့ သုတေသန စာတမ်းတရပ်က ဆိုပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလအတွင်း ကချင်ပြည်နယ် ၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က မြို့နယ် (၁၅) ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီစာတမ်းငယ်မှာ ဖော်ပြပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေထဲမှာ စစ်ကောင်စီအပေါ် ပြည်တွင်း၊ ပြည်ပ ဝေဖန်မှုတွေ မြင့်တက်စေခဲ့တဲ့ ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်မှုလည်း ပါဝင်ပါတယ်။ အနန့်ပါလေကြောင်းတိုက်ခိုက်မှုဟာ KIA တပ်ဖွဲ့ရဲ့ စစ်စခန်းတွေကို ဦးတည်တာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပေမယ့် မြေပြင်သတင်းတွေကတော့ အရပ်သားတွေ အများအပြားရှိနေတဲ့ ဖျော်ဖြေပွဲကွင်းပြင်ထဲကို ဗုံးကျဲချခဲ့တာဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

တလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေထဲက (၁၂) ကြိမ်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ်ဒေသဖြစ်တဲ့ ဗန်းမောက်မြို့နယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့နယ်တခုချင်းအနေနဲ့ အကြိမ်ရေ အများဆုံး တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု (၂၆) ကြိမ်ထက်မနည်း လုပ်ခဲ့ပြီး တိုင်းနဲ့ပြည်နယ်တွေထဲ အကြိမ်ရေအများဖြစ်တယ်လို့ ISP-Myanmar ရဲ့ သုတေသန အချက်အလက်တွေက ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ရာမှာ တိုက်ပွဲဖြစ်တဲ့နေရာတွေကိုသာမက တိုက်ပွဲဖြစ်ရာဒေသ၊ တိုက်ပွဲဖြစ်နေတာ မဟုတ်တဲ့အချိန်မှာလည်း အရပ်သားတွေကို ဦးတည်ပစ်ခတ်တိုက်ခိုက်တာမျိုးတွေ စစ်ကိုင်းတိုင်းထဲမှာ လုပ်နေတယ်လို့ ခင်ဦးမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုနဲ့ ကြုံတွေ့ဖူးတဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

စက်တင်ဘာလအတွင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းတိုက်ခိုက်ခံရမှုဟာ စစ်ကောင်စီအနေနဲ့ အရပ်သားတွေကိုပါ ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေကြောင်း အထင်ရှားဆုံး သာဓကဖြစ်တယ်လို့ သူကဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မကြာမကြာ လုပ်လေ့ရှိပြီး အခုလ ၂၃ ရက်က မုံလှကျေးရွာကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာကြောင့် ခုနစ်နှစ်အရွယ်ကလေးတဦး အပါအဝင် ပြည်သူနှစ်ဦးသေဆုံးခဲ့ရတယ်လို့ အဲ့ဒီခင်ဦးမြို့ခံက ပြောပါတယ်။

“အရပ်သားပြည်သူကို လေကြောင်းကနေ မတိုက်ခိုက်ပါဘူးလို့ ပြောချင်ရင်အခြားမှာသွားပြော၊ စစ်ကိုင်းတိုင်းထဲတော့ လာမပြောနဲ့” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလအတွင်း ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာလည်း လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း လုပ်ခဲ့တယ်လို့ ISP-Myanmar ရဲ့သုတေသနအချက်အလက်တွေမှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်တိုက်ခိုက်မှုအားကောင်းတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ မကြာမကြာ လုပ်လေ့ရှိပြီး အထူးသဖြင့် မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အထိနာတဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ တုံ့ပြန်လေ့ရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ဆယ်နဲ့ချီသေဆုံးတဲ့ ဖြစ်ရပ်တွေ မြန်မာနိုင်ငံတဝန်းမှာ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေကလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေသေဆုံးရတဲ့ ဖြစ်စဉ်တွေဟာ လူသားမျိုးနွယ်စုနဲ့ လူမျိုးစုတွေအပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေး ကော်မတီရဲ့ ဆွေးနွေးမှုအစီအစဉ်တခုမှာ ထည့်သွင်းပြောဆိုထားပါတယ်။