ဝါးတရာစက်မူဇုန်က အထည်ချုပ်စက်ရုံ နစ်နာကြေးမပေးဘဲ ပိတ်သိမ်းဖို့ပြင်လို့ နစ်နာကြေးရရေး အ လုပ်သမားတွေတောင်းဆိုနေ

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ် ၊ဝါးတရာစက်မူဇုန်မှာဖွင့်ထားတဲ့ Myanmar FORJS APPAREL အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ စက်ရုံပိတ်တော့မယ်လို့ ရုတ်တရက်ကြေညာလို့ နစ်နာကြေးရဖို့ တောင်းဆိုနေကြရတယ်လို့ အဲ့ဒီစက်ရုံအလုပ်သမားတွေကပြောပါတယ်။

လက်ရှိအထည်အမှာတွေ ချုပ်လို့ပြီးသွားတဲ့ နိုဝင်ဘာ (၂၅) ညနေပိုင်း အလုပ်သိမ်းချိန်မှာ စက်ရုံတာ ဝန်ရှိသူတွေက စက်ရုံပိတ်မယ့်အကြောင်း ရုတ်တရက်အသိပေးလာပြီး အလုပ်သမားတွေကို ဥပဒေပါနစ်နာကြေးမပေးတဲ့အပြင် လစာ​အ​ပြည့်မပေးဘဲ လုပ်ခရှင်းပေးတယ်လို့ သူတို့ကဆိုပါတယ်။

“လစာလည်း မနေ့ကထိ ဆင်းတဲ့ရက်တွက်ပြီး ရှင်းပေးမယ်ပြောတယ်၊ အလုပ်သမားတွေက လက်မခံဘူး၊ ကြိုမပြောတဲ့အတွက် နို့တစ်ကြေးတစ်လစာပေးကို ပေးရမှာ၊ ဒါကိုစက်ရုံကမပေးနိုင်ဘူးလို့ပြောတယ်” လို့ အဲဒီစက်ရုံလုပ်သားတဦးက ပြောပါတယ်။

အဲဒီလို လုပ်ခလစာအပြည့်မပေးတာနဲ့ နို့တစ်ကြေးမပေးတာကြောင့် စက်ရုံအလုပ်သမားတချို့ဟာ မ နေ့ကညက စက်ရုံမှာ​စောင့်အိပ်ပြီး ရပိုင်ခွင့်ရရှိရေး စောင့်ဆိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

“ဒီမနက်အထိလည်း ရပိုင်ခွင့်တွေ မပေးဘူး၊ အလုပ်သမားရုံးကို အကြောင်းကြားထားတယ်၊ သူတို့လာမယ်လို့တော့ပြောတယ်”လို့ အလုပ်သမားတဦးက ပြောပါတယ်။

အဲဒီစက်ရုံဟာဖွင့်ထားတာ ငါးလဝန်းကျင်သာရှိသေးပြီး အထည်အော်ဒါမရှိတော့လို့ ပိတ်တာဖြစ်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေကို ပြောတယ်လို့ဆိုပါတယ်။

အလုပ်သမားတွေကတော့ ရသင့်တဲ့နစ်နာကြေး ရရှိတဲ့အထိ စက်ရုံထဲမှာ ဆက်ပြီးစောင့်နေမယ်လို့ပြောပါတယ်။

Myanmar FORJS APPAREL အထည်ချုပ်စက်ရုံဟာ မြန်မာနဲ့တရုတ်နိုင်ငံသား ဖက်စပ်ပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား (၁၀၀) လောက်နဲ့ လည်ပတ်နေတယ်လို့သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ဒီနှစ်အတွင်း Myanmar FORJS APPAREL အထည်ချုပ်စက်ရုံ အပါအဝင်ပိတ်သိမ်းတဲ့စက်ရုံ သုံးရုံရှိပြီလို့ အလုပ်သမားအဖွဲ့အစည်းတွေဆီက သိရပါတယ်။

Photo – CJ