သမိုင်းဝင် အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့တာလို့ ဂျပန်နည်းပြချုပ် ကြွေးကြော် 

 

သူ့ရဲ့ အသင်းဟာ သမိုင်းဝင် အောင်ပွဲတစ်ခုကို အရယူပြခဲ့တယ်လို့ ဂျပန် အသင်းရဲ့ နည်းပြချုပ် ဟိုင်ဂျီမာ မိုရီယာဆုက ကြွေးကြော်လိုက်ပါတယ်။ 

ဂျပန်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး စာရင်းဝင် ထိပ်တန်းအသင်း ဂျာမနီကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ပရိသတ်တွေကို အံ့ဩ မင်သက်စေခဲ့ပါတယ်။ အဲဒီပွဲ မတိုင်ခင်မှာလည်း ထိပ်တန်းအသင်း အာဂျင်တီးနားကို ဆော်ဒီအာရေးဘီးယားက အနိုင် ကစားပြခဲ့တာကြောင့် အခုနှစ် ကမ္ဘာ့ဖလားမှာ အာရှအသင်းတချို့က မထင်မှတ်တာတွေ လုပ်ပြနေတယ်လို့ ဆိုနိုင်ပါတယ်။ 

ဂျာမနီဟာ အခုပွဲစဉ်မှာ ပထမပိုင်း ပင်နယ်တီ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့် တော်တော်များများကို ဖြုန်းတီးနေခဲ့ပါတယ်။ အဲဒီအတွက်လည်း ဒုတိယပိုင်းမှာ ပေးဆပ်မှု ကြီးမားသွားခဲ့ပြီး ဂျပန်အတွက် ရစ်ဆူဒိုယန်နဲ့ တာကူမာ အဆာနိုတို့က ချေပဂိုး၊ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူသွားခဲ့ပါတယ်။ 

ဂျပန် နည်းပြချုပ် မိုရီယာဆုက သူ့ကစားသမားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ ပတ်သက်လို့ ပွဲအပြီး အင်တာဗျူးမှာ အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။ ဂျပန်ဟာ အခုအခါမှာ ကမ္ဘာ့အဆင့် အသင်းတစ်ခု ဖြစ်လာကြောင်း၊ အာရှတိုက်ရဲ့ ဘောလုံး အဆင့်အတန်းကို ဂျပန် ကစားသမားတွေ ပြသနိုင်ခဲ့ကြောင်း၊ ဂျာမနီမှာ အရမ်းထူးချွန်တဲ့ ဂိုးသမားမျိုး ရှိနေပေမယ့် သူ့ကစားသမားတွေရဲ့ ပါးနပ်မှုကိုတော့ မတားဆီးနိုင်ခဲ့ကြောင်း နည်းပြချုပ်က ပြောပါတယ်။ 

ဂျပန်အနေနဲ့ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပေမယ့် စိတ်ဓာတ် မကျဘဲ မဆုတ်မနစ် ဆက်ကြိုးစားခဲ့ကြောင်း၊ ဂျပန် ကစားသမားတွေဟာ သူတို့ရဲ့ ပါရမီ အစစ်အမှန်ကို ထုတ်ပြပြီး သမိုင်းတွင်မယ့် အောင်ပွဲတစ်ခုကို ဖန်တီးပြခဲ့ကြောင်းလည်း မိုရီယာဆုက ကြွေးကြော်သွားပါတယ်။ 

အနိုင်ဂိုးရှင် တာကူမာကလည်း ကမ္ဘာ့ဖလားလို အမြင့်ဆုံးအဆင့် ပြိုင်ပွဲကြီးမှာ ဂျာမနီလို ထိပ်သီးအသင်းကို အနိုင်ယူပြခဲ့တာဟာ အိပ်မက် ဆန်လွန်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန် ကစားသမားတွေက ဒီပွဲကို အနိုင်ရဖို့ ယုံကြည်ချက် အပြည့်နဲ့ ကစားခဲ့ပြီး လက်တွေ့ ဖြစ်မြောက်အောင် လုပ်ပြနိုင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။ 

ပွဲအပြီးမှာတော့ ဂျပန် ပရိသတ်တွေကလည်း အားကစားရုံထဲမှာ အမှိုက်တွေကို ပြန်လည်ကူညီ သိမ်းဆည်းပေးပြီး နိုင်ငံကြီးသား ပီသမှုကို ပြသခဲ့ကြပြန်ပါတယ်။ အပြာရောင် ဆာမူရိုင်းတွေလို့ ချစ်စနိုး နာမည်ပြောင် ရထားတဲ့ ဂျပန်ဟာ ကမ္ဘာ့ဖလားရဲ့ နောက်ထပ် အုပ်စု ပွဲစဉ်တွေအဖြစ် ကော်စတာရီကာ၊ စပိန်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။