ထီးလင်းမှာနှစ်လနီးပါးအတွင်း ပြည်သူဆယ့်သုံးဦးသတ်ဖြတ် အလောင်းဖျောက်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲ စစ်ကောင်စီ စစ်ကြောင်းတွေ သွားလာခဲ့တဲ့ ဒေသတွေမှာ နှစ်လနီးပါးအတွင်း ဒေသခံ (၁၃) ဦး သတ်ဖြတ်အလောင်းဖျောက်ခံခဲ့ရတယ်လို့ ယောတော်လှန်ရေးတပ် (YRA) ထီးလင်း ပြန်ကြားရေးတာဝန်ခံ ကိုမောင်ကောင်းက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ထီးလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်းထိုးတာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒီကာလအတွင်း စစ်ကောင်စီစစ်ကြောင်း ရောက်ခဲ့တဲ့ ရွာတွေကဒေသခံတွေ သတ်ဖြတ်အလောင်းဖျောက်ခံရတာတွေဖြစ်ခဲ့တာကြောင့် ဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်တွေက လုပ်တာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကဆိုပါတယ်။

မှတ်တမ်းတွေအရ ထီးလင်းမြို့နယ် အနောက်ဘက်ရွာကို အောက်တိုဘာ (၁၃)ရက်မှာ စစ်ကောင်စီစစ် ကြောင်းဝင်ရောက်ခဲ့ပြီး စစ်ကြောင်းပြန်ထွက်ချိန်မှာ (၁၄)နှစ်အရွယ်တဦးပါဝင်တဲ့ ရွာခံလေးဦး သတ်ဖြတ်ခံရပြီး မီးရှို့ထားတဲ့ရုပ်အလောင်းတွေကိုသာ ရွာခံတွေတွေ့ကြရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတခု ယင်းမာရွာဝန်းကျင်ကို အောက်တိုဘာ ( ၂ဝ) ရက်ကရောက်လာပြီး ဆက်ထွက်ခွာသွားချိန်မှာလည်း ယင်းမာရွာသား ကိုသိန်းဝင်းဆိုသူအမျိုးသားရဲ့ရုပ်အလောင်းကို ခေါင်းပွာဇရပ်အနီးမှာ ကျောက်ပြားတွေနဲ့ ဖုံးဖိဖျောက်ဖျက်ထားတဲ့ အခြေအနေနဲ့ ပြန်တွေ့ကြရပါတယ်။
ကိုသိန်းဝင်းဟာ စစ်ကြောင်းနဲ့တိုးမိပြီး သတ်ဖြတ်အလောင်းဖျောက်ခံရတယ်လို့ ထီးလင်းဒေသခံတွေက ယူဆကြပါတယ်။

အလားတူ မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ် ထီးလင်းမြို့နယ်ထဲက ပလုံတွီကျေးရွာကို အခုလ (၈) ရက်မှာ စစ်ကောင်စီက PDF တပ်ဖွဲ့တွေအဖြစ် ဟန်ဆောင်အသွင်ယူပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းပြန်ထွက်ချိန်မှာ သတ်ဖြတ်မီးရှို့ခံထားရတဲ့ စစ်ဘေးရှောင်ခြောက်ဦးနဲ့ ပလုံတွီရွာသားနှစ်ဦးရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို ချင်းကာကွယ်ရေးတပ်ဖြစ်တဲ့ CDF မင်းတပ်က တွေ့ရှိခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ မီးရှို့ခံရပြီးနောက် ကျန်ရစ်တဲ့အရိုးတွေကိုပါ ထုချေပြီး ဖျောက်ဖျက်ဖို့ ကြိုးစားထာတာကို တွေ့ရတယ်လို့ CDF မင်းတပ်က ဆိုပါတယ်။
“တကယ့်ကို ဝမ်းနည်းစရာတွေ၊ အလောင်းကိုမတွေ့လိုက်ကြရတော့ သို့လော သို့လော ဖြစ်ကြရတာပေါ့၊ စစ်ကြောင်းန (နဲ့) တွေ့ ပြန်မလာ၊ပြန်မတွေ့တော့ရင် ပြာပုံထဲကအရိုးဟာ သူဖြစ်မယ်ဆိုပြီး အဖြစ်အပျက်တွေန(နဲ့) မှန်းဆကြရတာ” လို့ထီးလင်းဒေသခံတဦးက ပြောပါတယ်။

ယောတော်လှန်ရေးတပ်(YRA)ထီးလင်းအနေနဲ့ စစ်ကောင်စီစစ်ကြောင်းထိုးချိန်အတွင်း သေဆုံးသူတွေကိုသာ မှတ်တမ်းတင်ထားနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အရေအတွက်များတဲ့အတွက်စာရင်းမလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိ မှတ်တမ်းတင်ထားတဲ့ သတ်ဖြတ်ခံရသူစာရင်းမှာလည်း ထီးလင်းမြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံတွေသာပါဝင်ပြီး မြို့ပေါ်မှာ သတ်ဖြတ်ခံရသူတချို့လည်း ရှိနေပါသေးတယ်။

“သေဆုံးပြည်သူကတော့ စခတွေရဲ့ထုံးစံအတိုင်း အရိုးပါမကျန်အောင် မီးရှို့သွားကြတာဆိုတော့ အလောင်းမရဘူးဗျ” လို့ YRA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။