ဂျပန် တိုက်ခိုက်ရေး ပညာရှင် အိုကာမီကို အောင်လအန်ဆန်း ပထမအချီ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူ

ကိုယ်ခံပညာပေါင်းစုံ MMA အားကစား ကြယ်ပွင့် အောင်လအန်ဆန်းဟာ စင်ကာပူမှာ ကျင်းပတဲ့ One Championship ပွဲစဉ်မှာ ဂျပန် တိုက်ခိုက်ရေး ပညာရှင် ယူရှင် အိုကာမီကို ပထမ အချီမှာတင် ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့ပါတယ်။

One Championshipရဲ့ ဝိတ်တန်းနှစ်ခုမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသူ အောင်လရော၊ ထိပ်တန်း MMA တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်တဲ့ အိုကာမီပါ နိုင်ပွဲအတွက် အလေးအနက် မျှော်လင့် ပြင်ဆင်ခဲ့ကြရာမှာ အိုကာမီရဲ့ နည်းဗျူဟာ ရွေးချယ်မှုပိုင်းက မှားယွင်းသွားခဲ့ဟန် ရှိပါတယ်။ 

အိုကာမီဟာ ပွဲစချိန် ကတည်းက အောင်လရဲ့ အောက်ခြေကို ချုပ်ထိန်းဖို့ အဓိက အားပြု တိုက်စစ်ဆင်ခဲ့ဟန် ရှိပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် အောင်လက အိုကာမီကို အပေါ်စီးကနေ ပိုပြီး ထိထိရောက်ရောက် ထိုးနှက်ဖို့ အခွင့်အရေးတွေ ရလာခဲ့ပါတယ်။ 

ပထမအချီ စတင်ပြီး ၂ မိနစ် အကြာမှာပဲ ဒိုင်က ပွဲကို ရပ်တန့်လိုက်ပြီး အထက်စည်းကနေ ဆက်တိုက် ထိုးနှက်ခွင့် ရနေတဲ့ အောင်လကို အနိုင်ပေးလိုက်ပါတယ်။ ဒီနိုင်ပွဲကြောင့် အောင်လ အနေနဲ့ One Championshipရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို ပြန်လည် စိန်ခေါ်နိုင်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ 

အောင်လက ပွဲအပြီး ကျေးဇူးတင်စကား ပြောကြားရာမှာ မြန်မာနိုင်ငံက အခက်အခဲ ကြုံနေတဲ့ ပြည်သူလူထုအတွက် ဆုတောင်းပေးနေပြီး ဘုရားသခင်က မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။ 

အောင်လဟာ ပရော်ဖက်ရှင်နယ်အဖြစ် ၄၂ ပွဲ ယှဉ်ပြိုင်ရာမှာ ၂၈ ပွဲ အနိုင်ရထားပါတယ်။ အဲဒီ နိုင်ပွဲတွေထဲမှာ ၁၄ ပွဲကို အလဲထိုးထားတာ ဖြစ်ပါတယ်။ နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ နိုင်ပြီး ၃ ပွဲ ရှုံးခဲ့တဲ့ မှတ်တမ်းကို ချေဖျက်ဖို့အတွက် အောင်လဟာ အခုပွဲအပေါ် အသေအချာ ပြင်ဆင်ထားခဲ့ပါတယ်။ အောင်လဟာ One Championshipရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုတွေကို ရရှိခဲ့ဖူးပေမယ့် ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ချန်ပီယံဘွဲ့တွေကို အသီးသီး ပြန်လည် ဆုံးရှုံးခဲ့ပါတယ်။ 

Delta News

Read Previous

အမေရိကန်၊ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြား ရေးဝန်ကြီးဌာနရုံးဖွင့်

Read Next

အစိုးကြောက်ဆုံး ကိစ္စတွေ လက်တွေ့ ဖြစ်လာတဲ့အခါ