အစိုးကြောက်ဆုံး ကိစ္စတွေ လက်တွေ့ ဖြစ်လာတဲ့အခါ

သူ မွေးဖွားမလာခင်ကတည်းက သမီးလေးကို ရည်စူးပြီး ကျွန်မတို့ တောင်းပန်ခဲ့ကြပါတယ်။ 

ကျွန်မရဲ့ ခင်ပွန်းသည် အမျိုးသား ကိုကျော်မင်းယုဟာ စာရေးဆရာတစ်ယောက်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှာတော့ သူ့ကို ကိုဂျင်မီလို့ ပိုပြီး လူသိများကြပါတယ်။ သူလည်းပဲ ကျွန်မရဲ့ ဆူဖြိုးနေတဲ့ ကိုယ်ဝန်ဆောင် ဝမ်းဗိုက်နား ကပ်မှီပြီး ဗုဒ္ဓရဲ့ မေတ္တာသုတ် ပရိတ်တရားတော်ကို ရွတ်ဖတ် ပွားများရင်း ကျွန်မတို့ ရွေးချယ်ခဲ့တဲ့ ဘဝကြောင့် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောခဲ့မှာပါ။ ကျွန်မတို့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေအတွက် နှစ်ပေါင်းများစွာ အချိန်ပေး မြှုပ်နှံခဲ့တယ်။ အဲဒီအတွက်လည်း အကြိမ်ကြိမ် ထောင်ဒဏ် ချမှတ်ခံခဲ့ရတယ်။ ဒီအတွက်လည်း ချစ်စနိုးနာမည် ဝှိုက်တီလို့ ခေါ်တဲ့ ကျွန်မတို့ရဲ့ သမီးလေး ဖြူနေကြည်မင်းယုခမျာ သာမန် ကလေးငယ် တစ်ယောက်ရဲ့ ဘဝမျိုးကို ပျော်ရွှင် ခံစားရမှာ မဟုတ်ကြောင်း နာနာကျင်ကျင် သဘောပေါက်ခဲ့ကြပါတယ်။ 

၁၅ နှစ် ကြာပြီးတဲ့နောက် ကျွန်မတို့ရဲ့ အစိုးရိမ်ဆုံး အရာတွေက တကယ်ဖြစ်လာတယ်။ ကျွန်မရဲ့ ခင်ပွန်းသည် ကွယ်လွန်သွားခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလတုန်းက ရွေးကောက်ခံ ဒီမိုကရေစီ အရပ်သား အစိုးရကို အဓမ္မ ဖယ်ရှားပြီး အာဏာလုခဲ့တဲ့ စစ်အာဏာရှင်တွေက သူ့ကို ကွပ်မျက်ခဲ့တာပါ။ အခုအချိန်မှာ ကျွန်မကိုယ်တိုင်လည်း တိမ်းရှောင်နေရပြီး သမီးလေးနဲ့ တကွဲတပြား ဖြစ်နေပါတယ်။ 

မြန်မာနိုင်ငံရဲ့ အခြေအနေက ပရမ်းပတာ ဖြစ်နေပါတယ်။ ထောင်သောင်းချီ များပြားတဲ့ ပြည်သူတွေ အသတ်ခံနေရ၊ အဖမ်းဆီး ခံနေရပြီး လူပေါင်း တစ်သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်။ လူသားရေးရာ ကပ်ဘေးတွေက ဆိုးသထက် ဆိုးလာနေတယ်။ မြန်မာ စစ်တပ်ဟာ ပြည်သူတွေကို အကြမ်းဖက်ပြီး နှစ်ပေါင်းများစွာ အပတ်တကုတ် တည်ဆောက်ယူခဲ့ရတဲ့ ဒီမိုကရေစီရေး တိုးတက် ဖြစ်ထွန်းမှုတွေကို မြေလှန် ချေမှုန်းနေတယ်။ ဒီမိုကရေစီရေးအတွက် ဆယ်စုနှစ် သုံးခုလောက် ရုန်းကန် အားထုတ်ခဲ့သူ အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့ ကိုဂျင်မီကို ကွပ်မျက်လိုက်တာကလည်း စစ်တပ်ရဲ့ မဟာဗျူဟာထဲက အစိတ်အပိုင်း တစ်ခုပါပဲ။ 

ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေ ကျရှုံးပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်မှုအတွက် ခရီးအဆုံးထိ လျှောက်နေပါပြီ။ ဒီမိုကရေစီရဲ့ အရသာကို ထိတွေ့ရင်း အင်တာနက်ခေတ်မှာ ကြီးပြင်းလာတဲ့ သန်းပေါင်းများစွာသော စိတ်အားထက်သန်တဲ့ လူငယ်တွေဟာ စစ်အာဏာရှင်တွေ ချုပ်ကိုင်ကြီးစိုးရာ အမှောင်ခေတ် နေ့ရက်တွေဆီ နောက်ပြန်ဆွဲတာမျိုးကို လက်မခံကြတော့ပါဘူး။ 

တပ်မတော်လို့ခေါ်တဲ့ အကျင့်ပျက် ခြစားနေတဲ့ စစ်တပ်ဟာ ၁၉၆၂ ခုနှစ်မှာ ပထမဆုံးအကြိမ် အာဏာသိမ်းပြီး နိုင်ငံကို အထီးကျန်အောင်၊ ခေတ်နောက်ကျ ကျန်နေအောင် ဖိနှိပ် အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ ကိုဂျင်မီဟာ အရေးပါတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေရဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ ကြားကနေ ဒီမိုကရေစီအတွက် အာရုံနှစ်မြှုပ်ထားတဲ့ မျိုးဆက်သစ် တစ်ခု စတင်မွေးဖွားခဲ့ပါတယ်။

ဒီအတွက် ကျွန်မတို့ တနင့်တပိုး ပေးဆပ်ခဲ့ရပါတယ်။ ကျွန်မရဲ့ ခင်ပွန်းသည်ဟာ နောက်ထပ် ထောင်နဲ့ချီ များပြားတဲ့ လူပုဂ္ဂိုလ်တွေနဲ့အတူ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိ ထောင်သွင်း အကျဉ်းချ ခံခဲ့ရပါတယ်။ အဲဒီ ကာလအပိုင်းအခြားရဲ့ နောက်ဆုံး ၉ နှစ်တာအတွင်း သူနဲ့ ကျွန်မဟာ အင်မတန် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သာယာဝတီ ထောင်ကြီးမှာ ချုပ်နှောင် ခံခဲ့ကြရပါတယ်။ ရိုက်နှက်တာတွေ၊ အနိုင်ကျင့် စော်ကားတာတွေကို ကြိတ်မှိတ်ခံရင်း ကျွန်မတို့ ပိုနီးစပ်ခဲ့သလို တစ်ယောက်နဲ့တစ်ယောက် အတတ်နိုင်ဆုံး ဂရုစိုက်ခဲ့ကြတယ်။ သံတိုင်တွေကြားကနေ လျှို့ဝှက်စာလေးတွေ လက်ဆင့်ကမ်းပေးရင်း ကျွန်မတို့ရဲ့ စိတ်ဓာတ်တွေကို ပြန်မြှင့်တင်ခဲ့ကြတယ်။ သူ့ရဲ့ မယိမ်းမယိုင်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ်၊ သူ့ရဲ့ ကဗျာဉာဏ်၊ တခြားသူတွေနဲ့ နိုင်ငံအပေါ် လေးလေးနက်နက် ဂရုစိုက်ချင်တဲ့ သူ့ရဲ့ သဘောထားတွေကို ကျွန်မ ချစ်မြတ်နိုးခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ကျွန်မတို့အတူ လွတ်မြောက်လာပြီး နောက်တစ်နှစ်မှာ လက်ထပ်ခဲ့ကြတယ်။ နောက်တော့ ကျွန်မ ကိုယ်ဝန်ရှိလာတယ်။ 

မျှော်လင့်ထားခဲ့သလိုပါပဲ။ ဝှိုက်တီလေးကို ပျိုးထောင်ရတာဟာ ပုံမှန်ဘဝမျိုးနဲ့ မဟုတ်ခဲ့ပါဘူး။ ကျွန်မက ကလေးကို အရမ်း နို့တိုက်ချင်တယ်။ သူ့ကို ယုယ ပွေ့ပိုက်ရင်း မိခင်နဲ့ ကလေးရဲ့ကြားက တွယ်တာ ပေါင်းကူးမှုကို ခံစားချင်တယ်။ အဲဒီအစား သမီးလေးကို စောစောစီးစီး ဖော်မြူလာ နို့မှုန့်တွေနဲ့ အကျွမ်းဝင်အောင် လေ့ကျင့် တိုက်ကျွေးခဲ့ရပါတယ်။ ဒါကလည်း ကျွန်မသာ ထပ်ပြီး အဖမ်းခံရရင် အသင့်ဖြစ်နေအောင်လို့ပါ။ ဝှိုက်တီလေး ၄ လသမီး အရွယ်မှာပဲ သူ့အဖေက နောက်တစ်ကြိမ် အဖမ်းခံရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ် ခံခဲ့ရပါတယ်။ 

ကျွန်မက ဝှိုက်တီလေးနဲ့အတူ ပုန်းရှောင်ရင်း ခိုလှုံစရာ နေရာတချို့မှာ ကူးလူး ရွှေ့ပြောင်းခဲ့ရတယ်။ တစ်ခါတလေ ညကြီးမင်းကြီး မှောင်မိုက်နေချိန် သည်းသည်းမည်းမည်း ရွာသွန်းနေတဲ့ မိုးစက်တွေကြားမှာ ပုန်းခိုရင်း သွားလာခဲ့ရတယ်။ တစ်နေ့တော့ ကျွန်မတို့ ရှိနေတဲ့အိမ်ကို ရဲတွေ ဝင်ရှာကြတယ်။ ကျွန်မတို့ကို တစ်စဆီ စုတ်ဖြဲပစ်တဲ့ အခြေအနေမျိုးထိ ဖြစ်သွားနိုင်တဲ့ ဆူညံသံ တစ်ခုခု ဝှိုက်တီလေးဆီက ထွက်ပေါ်မလာအောင် ကျွန်မတို့က သူ့ကို အာရုံလွှဲပြီး မြှူခဲ့ကြတယ်။ သမီးလေးက တိတ်တိတ်လေးပဲ နေခဲ့ရှာပါတယ်။ နောက်တော့ ရဲတွေ ထွက်သွားကြတယ်။ 

ဒါပေမဲ့ ဒီအခြေအနေမျိုးက ကလေးလေး တစ်ယောက်ရဲ့ ဘဝတော့ မဟုတ်ဘူးလေ။ ၂၀၀၇ ခုနှစ်မှာတော့ ကျွန်မက သူ့ကို ခင်ပွန်းသည်ဖက်က အမျိုးတွေဆီမှာ ရင်နာနာနဲ့ပဲ အပ်နှံထားခဲ့ရပါတယ်။ နောက်နှစ်မှာ ကျွန်မ အဖမ်းခံခဲ့ရတယ်။ ၂၀၁၂ ခုနှစ်ထိ ဝှိုက်တီလေးရဲ့ ဖေဖေနဲ့ ကျွန်မတို့ ပြန်မလွတ်မြောက်ခဲ့ပါဘူး။ 

အဲဒီနောက်ပိုင်းမှာတော့ အခြေအနေတွေက တဖြည်းဖြည်းချင်း တိုးတက်လာတယ်။ စစ်တပ်က လွှတ်တော် ရွေးကောက်ပွဲတွေ အပါအဝင် တခြား ပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည် ဖော်လာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၂၀၁၅ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့တယ်။ စစ်ဗိုလ်ချုပ်တွေဟာ အတော်ကြီးမား ထင်ရှားတဲ့ လက်ဆုပ်လက်ကိုင် အာဏာမျိုး ကိုင်ဆွဲထားဆဲ ဖြစ်ပေမယ့် အရင်ကနဲ့စာရင် ပိုမိုကောင်းမွန်၊ ပိုမိုလွတ်လပ်လာတဲ့ ဘဝမျိုးမှာ မြန်မာပြည်သူ အများအပြားက ကျေနပ် ပျော်ရွှင်လာကြတယ်။ စစ်မှန်တဲ့၊ တည်မြဲတဲ့ ဒီမိုကရေစီဟာ ကျွန်မတို့နဲ့ လက်တစ်ကမ်း အကွာကို အမှန်တကယ် ရောက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ နိုးကြားလာတယ်။ ထောင်ထဲမှာ အကြာကြီး ဖြတ်သန်းခဲ့ရတဲ့ နှစ်ကာလတွေက အလဟဿ မဟုတ်တော့ဘူးလို့ ထင်ချင်စရာ ဖြစ်လာခဲ့တယ်။ 

အဲဒါတွေ အားလုံးဟာ မနှစ်က စစ်တပ် အာဏာသိမ်းမှုအောက်မှာ နင်းချေခံလိုက်ရပါတယ်။ 

ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေဟာ အကြီးအကျယ် အတွက်အချက် မှားသွားခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ပြည်သူတွေက သတ္တိအပြည့် ဖီဆန်ရင်း တုံ့ပြန်ခဲ့ကြတယ်။ ဆန္ဒပြမှုတွေက ဆက်ရှိနေတယ်။ အရေအတွက် ထောင်သောင်းချီပြီး လက်နက်ကိုင် တော်လှန်လာတယ်။ စစ်ကောင်စီကို ကာလရှည်ကြာ တွန်းလှန် တိုက်ခိုက်နေပြီး နိုင်ငံရဲ့ အတော်လေး ကျယ်ပြောတဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဆီ ခိုလှုံရောက်ရှိသွားသူ တချို့လည်း ပါတယ်။ ဝှိုက်တီလေးဟာ ဆယ်ကျော်သက်အရွယ် မရောက်သေးပေမယ့် စစ်တပ်ရဲ့ လူမဆန်မှုတွေကို နားလည် သဘောပေါက်နိုင်တဲ့ အသက်အရွယ်မျိုးတော့ ဖြစ်နေပါပြီ။ မနှစ်တုန်းက သူဟာ အာဏာသိမ်းမှုကို ဖီဆန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သူ့မိဘတွေအတွက် ဘယ်လောက် ဂုဏ်ယူနေသလဲ ဆိုတာကို ဝှိုက်တီလေးက ကျောင်းစာစီစာကုံး တစ်ပုဒ် ရေးခဲ့ပါသေးတယ်။ ကျွန်မရဲ့ စိတ်အာရုံ တစ်ဝက်က ပြုံးချင်နေမိပေမယ့် ကျန်တဲ့ တစ်ဝက်ကတော့ သူဒီလိုတွေ ကြုံနေရတာနဲ့ ပတ်သက်ပြီး အော်ဟစ် ပေါက်ကွဲပစ်လိုက်ချင်မိပါတယ်။ 

ဇူလိုင်လမှာ ကျွန်မတို့ရဲ့ ကမ္ဘာ ပျက်စီး ပြိုကျခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေက ကိုဂျင်မီကို အကြမ်းဖက်သမားလို့ ပုတ်ခတ်စွပ်စွဲပြီး ပြောက်ကျား စစ်ဆင်ရေးတွေ ကြံစည်နေပါတယ်လို့ မဟုတ်မမှန်တွေ စွဲချက်တင်ခဲ့ပါတယ်။ တံခါးပိတ်ထားပြီး တရားဥပဒေ စည်းမျဉ်း အခွင့်အရေးတွေ မှန်သမျှကို မျက်ကွယ်ပြုထားတဲ့ တရားခွင် တစ်ခုက သူနဲ့ တခြား ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၃ ဦးကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး ကွပ်မျက်စေခဲ့တယ်။ သူ့အသက် ၅၃ နှစ် အရွယ်မှာ ကျဆုံးခဲ့ပါတယ်။ စစ်အာဏာရှင်တွေက သူ့အလောင်းကို ကျွန်မတို့ဆီ ပြန်မပေးခဲ့ပါဘူး။ ဆယ်စုနှစ် သုံးခုကျော် ကာလအတွင်း ပထမဆုံးအကြိမ် ကွပ်မျက်မှုတွေကို စစ်တပ်က လုပ်ဆောင်ခဲ့တာပါ။ ဒါဟာ စစ်ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို ရက်စက်ကြမ်းကြုတ်တဲ့ အတိတ်ဆီ တရွတ်ပြန်ဆွဲသွားဖို့ ရည်ရွယ်ထားကြောင်း ရှင်းရှင်းလင်းလင်းကြီး ပေါ်လွင်လာစေပါတယ်။ 

ဒါပေမဲ့လည်း ကြည့်ရသလောက်တော့ ကမ္ဘာကြီးက သိပ်ပြီး သတိမမူမိသေးပုံပါပဲ။ အမေရိကန် ပြည်ထောင်စုက စစ်တပ် အာဏာသိမ်းတာရယ်၊ ကွပ်မျက်မှုတွေရယ်ကို ရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အတွက်တော့ နှုတ်၏ စောင်မခြင်းထက် ပိုပြီး လိုအပ်နေပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကမ္ဘောဒီးယားမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်သီး ညီလာခံမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ အခုသီတင်းပတ်ကုန် တွေ့ဆုံပါလိမ့်မယ်။ မြန်မာက အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အာဆီယံမှာ ကြားနေကျ အသံတွေအတိုင်း စစ်အာဏာရှင်ကို ပိုပြီး ဖိအားပေးဖို့ တောင်းဆိုတာတွေ ကြားရနိုင်ခြေ ရှိပါတယ်။ 

ဒါပေမဲ့ အာဆီယံဟာ စစ်ဗိုလ်ချုပ်တွေကို ဘယ်တုန်းကမှ မချိုးနှိမ်နိုင်ခဲ့သလို သူတို့နဲ့ ထိတွေ့ ဆက်ဆံနေတာက ဥပဒေ ချိုးဖောက်တဲ့ အာဏာသိမ်းမှုကို တရားဝင်သယောင် အသိအမှတ် ပြုသလို ဖြစ်နေပါတယ်။ အဲဒီအစား အထီးကျန် စစ်အာဏာရှင်တွေအပေါ် နိုင်ငံတကာ ဖိအားပေးမှုတွေက အကန့်အသတ်နဲ့သာ ရှိနေတယ် ဆိုတာကို လက်ခံ သဘောပေါက်ပြီး အမေရိကန်နဲ့ ဥရောပတို့ အပါအဝင် အနောက်နိုင်ငံတွေရယ်၊ ဒီမိုကရေစီကို ထောက်ခံ အားပေးတဲ့ တခြားနိုင်ငံတွေရယ်ဟာ အာဆီယံရဲ့ မထိရောက်တဲ့ လမ်းပြမှုနောက် မလိုက်ဘဲ မြန်မာ ပြည်သူတွေက ရွေးချယ်ပေးထားတဲ့ အရပ်သား ခေါင်းဆောင်တွေကို ယုံကြည်ပြီး မြန်မာ ပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေး ရည်မှန်းချက်တွေ ခိုင်မာ သေချာလာအောင် အရေးတကြီးနဲ့ ထက်ထက်သန်သန် လုပ်ဆောင်ရမှာပါ။ 

မုဆိုးမ ဖြစ်သွားတဲ့ ကျွန်မဟာ နောက်တစ်ခါ ပုန်းခို တိမ်းရှောင်နေရပါပြီ။ သမီးလေးရဲ့ လုံခြုံရေးကို ငဲ့ကွက်ပြီး သူနဲ့ သီးခြားစီ ခွဲနေရပြန်ပါပြီ။ ကျွန်မတို့ရဲ့ ဒုက္ခမျိုးက မြန်မာနိုင်ငံမှာတော့ ရှားရှားပါးပါး အခြေအနေတွေ မဟုတ်တော့ပါဘူး။ သောင်းနဲ့သိန်းနဲ့ချီတဲ့ မြန်မာ ပြည်သူတွေဟာ ချစ်ခင်ရသူတွေကို ဆုံးရှုံးတာ၊ မိသားစုနဲ့ နေအိမ်တွေကနေ ခွဲထုတ်ခံတာ၊ တော်လှန်ရေးမှာ သွားရောက် ပူးပေါင်းဖို့အတွက် ရှင်သန်နေထိုင်မှု ဘဝနဲ့ အရာအားလုံးကို အဆုံးရှုံး ခံရတာတွေ ကြုံခဲ့ကြပြီးပါပြီ။ 

အဲဒီလို လူတွေကို ကျွန်မ တစ်ခုတော့ ပြောချင်ပါတယ်။ ရှင်တို့ချည်းပဲသက်သက် အထီးကျန်နေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ အတူရပ်တည်မယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ ဒီမိုကရေစီကို အရပြန်ယူမယ်။ ကျွန်မတို့ နောက်ပြန်မလှည့်ကြေး။ 

(နိုဝင်ဘာလ ၁၁ရက်​နေ့က New York Times သတင်းစာတွင် မနီလာသိမ်း ရေးသားခဲ့သည့် Our Worst Fears Have Come True in Myanmar ဆောင်းပါးကို DNA က ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။)

Delta News

Read Previous

ဂျပန် တိုက်ခိုက်ရေး ပညာရှင် အိုကာမီကို အောင်လအန်ဆန်း ပထမအချီ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူ

Read Next

ကမ္ဘာ့ဖလား အိမ်ရှင်တွေ အဖွင့်ပွဲစဉ် မရှုံးဖူးတဲ့ စံချိန် အခုနှစ်မှာ ကျိုးပျက်