လောင်းကစားမှု စည်းမျဉ်းတွေကို အကြိမ်နှစ်ရာကျော် ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံနေရတဲ့ တိုနေး

ဘရန့်ဖို့ဒ် အသင်းရဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ လောင်းကစားမှုဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေကို အကြိမ်ပေါင်း ၂၀၀ ကျော် ချိုးဖောက်ခဲ့ကြောင်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)ရဲ့ စွပ်စွဲမှုကို ရင်ဆိုင်နေရပါတယ်။ 

လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားနေတဲ့ တိုနေးအတွက်တော့ ရက်ပိုင်းအတွင်း စိတ်အနှောင့်အယှက် ဖြစ်စရာ အနေအထားတွေနဲ့ ဆက်တိုက် ကြုံလာရတာပါ။ သူဟာ မကြာသေးခင်က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့ ထုတ်ပြန်တဲ့ အင်္ဂလန် လက်ရွေးစင်အသင်း လူစာရင်းမှာ ချန်လှပ် ခံခဲ့ရပါတယ်။ အခုတော့ အက်ဖ်အေရဲ့ စွဲချက် တင်မှုနဲ့ပါ ကြုံလာရပါပြီ။ 

အက်ဖ်အေက တိုနေးဟာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း တားမြစ်ထားတဲ့ လောင်းကစား အမှုတွေကို ၂၃၂ ကြိမ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ အဲဒီ ၄ နှစ်တာအတွင်း တိုနေးဟာ စကန်သရော့ပ်၊ ဝီဂန်၊ ပီတာဘရော့ ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ် အသင်းတွေမှာ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ 

အက်ဖ်အေရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက တိုနေးဟာ အက်ဖ်အေက သတ်မှတ်ထားတဲ့ လောင်းကစားဆိုင်ရာ စည်းမျဉ်းတွေကို မလျော်မကန် ချိုးဖောက်ခဲ့ကြောင်း၊ စုံစမ်း သိရှိရသမျှ ၄ နှစ်တာအတွင်း တိုနေးက အက်ဖ်အေရဲ့ စည်းမျဉ်းနံပါတ် E8ကို ၂၃၂ ကြိမ် ချိုးဖောက်ခဲ့တယ် ဆိုတာကို တွေ့ရှိထားကြောင်း ပြောကြားသွားပါတယ်။ 

အက်ဖ်အေက တိုနေးကို စွဲချက်တင်လိုက်တယ် ဆိုတဲ့သတင်းကို ကြားသိရကြောင်း၊ အသင်းအနေနဲ့ ကစားသမားရယ်၊ သူ့ရဲ့ ဥပဒေရေးရာ အကြံပေးတွေရယ်နဲ့ အကျေအလည် ဆွေးနွေးနေကြောင်း၊ ဒီကိစ္စကို ကလပ်ရဲ့ အတွင်းရေးအဖြစ် ကိုင်တွယ်သွားမှာဖြစ်ပြီး ကိစ္စတစ်ခုလုံး ဖြေရှင်းလို့ မပြီးမချင်း ကြေညာချက် ထပ်ထုတ်မှာ မဟုတ်ကြောင်း ဘရန့်ဖို့ဒ် အသင်းက ထုတ်ပြန်ပါတယ်။ 

စည်းမျဉ်းအမှတ် E8အရ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေက လောင်းကစားမှုတွေမှာ ပတ်သက်မှု နည်းလမ်း အဖုံဖုံကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ် တားမြစ်ထားတာ ဖြစ်ပါတယ်။ တိုနေးဟာ စည်းမျဉ်းရဲ့ ဘယ်အပိုင်းကို ချိုးဖောက်ခဲ့သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ 

တကယ်လို့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် သူဟာ ဒဏ်ငွေအပြင် ပွဲပယ်ပြစ်ဒဏ်နဲ့ပါ ရင်ဆိုင်ရမယ့် အခြေအနေတွေ ရှိနေပါတယ်။ အက်ဖ်အေကတော့ စွဲချက်နဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ တိုနေးကို နိုဝင်ဘာ ၂၄ ရက်ထိ အချိန်ပေးထားကြောင်း သိရပါတယ်။