ပိုလန်မှာ ကျရောက် ပေါက်ကွဲခဲ့တာ ယူကရိန်း ဒုံးကျည်လို့ ပိုလန်နဲ့ NATO အကြီးအကဲတွေပြော 

နိုင်ငံ ပိုင်နက်ထဲ ကျရောက် ပေါက်ကွဲခဲ့တာဟာ ယူကရိန်းက ပစ်ခတ်ခဲ့တဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်တစ်စင်း ဖြစ်နိုင်ကြောင်း ပိုလန် သမ္မတက ပြောကြားခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၅ ရက်က ယူကရိန်းနဲ့ နယ်စပ်နားက ပိုလန် ရွာငယ်တစ်ခုကို ဒုံးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနေ့က ရုရှားဟာ ယူကရိန်းက မြို့ရွာတွေကို ဒုံးကျည် အမြောက်အမြား ပစ်ခတ်ခဲ့တာကြောင့် ရုရှားဒုံးကျည်တစ်စင်း လမ်းကြောင်းမှားပြီး ပိုလန် နယ်နိမိတ်ထဲ ကျရောက်တာဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ရုရှားကတော့ အဲဒီစွပ်စွဲ ပြောဆိုမှုတွေကို အပြတ် ငြင်းဆိုခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၆ ရက် ညပိုင်းမှာတော့ ပိုလန် သမ္မတ အန်ဒါဇက်ဂျ် ဒူဒါက ပိုလန်ပိုင် ပရက်ဇ်ဝိုဒို ရွာထဲကို ကျရောက်ခဲ့တာဟာ ရုရှားဒုံးကျည်တွေကို ကြားဖြတ်ကာကွယ် ဟန့်တားဖို့ ကြိုးစားခဲ့တဲ့ ယူကရိန်း လေကြောင်းကာကွယ်ရေး ဒုံးကျည်တစ်စင်း ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အခုဖြစ်စဉ်ဟာ မတော်တဆမှု သက်သက်လို့ သတ်မှတ်နိုင်ပြီး ယူကရိန်းက ပိုလန်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ရည်ရွယ်ချက်ရှိရှိ ထိပါးတာ မဟုတ်ကြောင်း သမ္မတက ဆိုပါတယ်။ 

အစောပိုင်းမှာ ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက လူ ၂ ဦး သေဆုံးစေတဲ့ ဒုံးကျည်ဟာ ဆိုဗီယက် ရုရုားလုပ် အမျိုးအစား ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ရုရှားအပြင် ယူကရိန်းကလည်း ရုရှားလုပ် စစ်လက်နက်တွေကို သုံးစွဲနေပါတယ်။ 

ပိုလန်ပိုင်နက်ထဲ လမ်းကြောင်းချော်ပြီး ကျရောက်ခဲ့တာဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေက အသုံးပြုနေတဲ့ ရုရှားလုပ် S-300 လေကြောင်းကာကွယ်ရေး ဒုံးကျည်တစ်စင်းလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ 

ပိုလန်က အဖွဲ့ဝင်နိုင်ငံ အနေနဲ့ ပါဝင်နေတဲ့ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ဂျန်စ် စတိုလ်တန်ဘက်ဂ်ကလည်း အခုဖြစ်ရပ်ဟာ ယူကရိန်း ပစ်ခတ်တဲ့ ဒုံးကျည်တစ်စင်း လမ်းကြောင်းမှား ကျရောက် ပေါက်ကွဲမှုလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တရားမဝင်တဲ့ ကျူးကျော်စစ်ကို အစပြုခဲ့တဲ့အတွက် ရုရှားဟာလည်း အပြစ်မကင်းဘူးလို့ သူက စွပ်စွဲပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒုံးကျည် ပျံသန်းမှု လမ်းကြောင်းအရ ရုရှားက ပစ်လွှတ်လိုက်တာ မဖြစ်နိုင်ဘူးလို့ အစောပိုင်းမှာ ကတည်းက မှတ်ချက်ပေးထားပြီး ဗြိတိန် အစိုးရကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အဆောတလျင် ကောက်ချက်မချလိုကြောင်း ပြောကြားထားပါတယ်။ 

ပိုလန်ဟာ NATO မဟာမိတ် အဖွဲ့ဝင် ဖြစ်နေတာကြောင့် ပိုလန် ပိုင်နက်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဟာ NATO မဟာမိတ် အဖွဲ့တစ်ခုလုံးကို စစ်ကြေညာတဲ့ သဘောမျိုး အဓိပ္ပါယ် သက်ရောက်သွားပြီး ပြဿနာတွေ ပိုမို ရှုပ်ထွေးသွားမှာ ဖြစ်ပါတယ်။