အိုမန် ကမ်းလွန် ပင်လယ်ပြင်မှာ အစ္စရေးပိုင် ရေနံတင် သင်္ဘောကြီးတစ်စီး ဒရုန်းနဲ့ တိုက်ခိုက်ခံရ 

အိုမန်နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်မှာ အစ္စရေးပိုင် ရေနံတင် သင်္ဘောကြီး တစ်စီးကို ဖောက်ခွဲရေး ဒရုန်းနဲ့ တိုက်ခိုက်တာ ခံခဲ့ရကြောင်း သိရပါတယ်။ 

အခုသီတင်းပတ် အစောပိုင်းက အစ္စရေး ဘီလီယံနာ သူဌေးကြီး အီဒန် အိုဖာပိုင် ကုမ္ပဏီ တစ်ခုရဲ့ ရေနံတင် သင်္ဘော ကိုယ်ထည်ကို ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ အမေရိကန်နဲ့ အိုမန် အာဏာပိုင်တွေက အတည်ပြုပါတယ်။ 

လိုက်ဘေးရီးယားမှာ မှတ်ပုံတင်ထားတဲ့ Pacific Zircon ရေနံတင် သင်္ဘောကို စင်ကာပူ ကုမ္ပဏီ Eastern Pacific Shippingက ထိန်းချုပ်ထားပေမယ့် ပိုင်ရှင် အစစ်အမှန်ကတော့ အိုဖာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁၅ ရက် ညပိုင်းက မီတာ ၁၈၀ ကျော် ရှည်လျားတဲ့ သင်္ဘောဟာ အမှောင်ထဲမှာ ခုတ်မောင်းနေတုန်း ဖောက်ခွဲရေး ဒရုန်းတစ်စီးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။ အရှိန်နဲ့ ပြေးဝင်လာတဲ့ အရာတစ်ခု ထိမှန် ပေါက်ကွဲပေမယ့် သင်္ဘောဟာ အနည်းအကျဉ်းသာ ပျက်စီးခဲ့ကြောင်း၊ အမှုထမ်းတွေအားလုံး ဘေးကင်းလုံခြုံပြီး ရေနံ ယိုစိမ့်မှုတွေလည်း မရှိခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ပြီးတော့ သင်္ဘောရဲ့ ခရီးစဉ်အပေါ်လည်း သက်ရောက် ထိခိုက်တာမျိုး မဖြစ်ခဲ့ပါဘူး။ 

ပင်လယ်ကွေ့ ဒေသမှာ လှုပ်ရှားနေတဲ့ အမေရိကန် အမှတ် ၅ ရေတပ်က ဒီဖြစ်စဉ်ကို သတိပြုမိကြောင်းနဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ကြေညာပါတယ်။ အခု တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမှ တာဝန်ယူတာမျိုး မရှိသေးပါဘူး။ 

ဒါပေမဲ့ လုပ်ပုံလုပ်နည်းတွေအရ ဒါဟာ အီရန်ရဲ့ လက်ချက် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။ အရင်ကလည်း ပင်လယ်ကွေ့မှာ အီရန်ရဲ့ ရန်သူနိုင်ငံတွေဆီက သင်္ဘောတချို့ဟာ အလားတူ တိုက်ခိုက်မှုတွေကြောင့် အထိအခိုက်တွေ ကြုံခဲ့ဖူးပါတယ်။ 

အီရန်နဲ့ အစ္စရေးတို့ကြား ဆက်ဆံရေး တင်းမာမှုတွေ အဆိုးရွားဆုံး ဖြစ်ပေးနေချိန်မှာ အစ္စရေး ဘီလီယံနာပိုင် ရေနံတင် သင်္ဘောတစ်စီး ဒရုန်းနဲ့ တိုက်ခိုက် ခံလာရတာ ဖြစ်ပါတယ်။ အီရန်ဟာ ဒရုန်းတွေကို စစ်လက်နက်အဖြစ် ဖောဖောသီသီ အသုံးပြုနေပြီး ယူကရိန်း စစ်ပွဲမှာတောင် ရုရှားက အီရန် ဒရုန်းတွေ ဝယ်ယူ အသုံးပြုနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။