ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကိုပိတ်ထားလို့ ကားအစီးရေရာချီပိတ်ဆို့နေ

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ပုဏ္ဏားကျွန်း- စစ်တွေ ကားလမ်းကို ပိတ်ဆို့ထားတာကြောင့် ကား အစီးရေ ရာနဲ့ချီ ပိတ်ဆို့မှုဖြစ်နေတယ်လို့ ပုဏ္ဏားကျွန်း လူမှုကူညီရေးကွန်ယက် တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

“ဟုတ်တယ်၊ ကားလမ်းတွေပိတ်ထားတယ်၊ ဟိုဘက်အခြမ်းကတော့ မသိဘူး၊ ဒီဘက်ကတော့ ရဲစခန်းအရှေ့၊ ဒီလောကမာရဇိန်ဘုရားအရှေ့ အဲ့ဒီကနေပိတ်ထားတာ”လို့ သူက ပြောပါတယ်။

စစ်တွေမြို့ဘက်အခြမ်းမှာလည်း ပုဏ္ဏားကျွန်းမြို့ဘက်အထွက်လမ်းကို မနေ့က ညပိုင်းကစလို့ စစ် တပ်က ပိတ်ထားလိုက်တာဖြစ်ပြီး ကားတွေပိတ်ဆို့စောင့်ဆိုင်းနေရတာမျိုးတော့ မရှိဘူးလို့ မြို့ခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီဘက်မှာကျတော့ မြို့ထဲကနေ မြို့ပြင်ထွက်တဲ့ကားလောက်ပဲ ရှိတာပါ၊ စစ်တွေဘက်က (ကားပိတ်ဆို့တာ) သိပ်မရှိလောက်ဘူး၊ မနက်ကလောက်ပဲ သွားကြည့်ကြတယ်၊ သွားတော့ တာဝန်ရှိသူတွေက ဂိတ်ပိတ်ထားတယ်ပြောရင် သူတို့ကအိမ်ပဲ ပြန်ကြမှာလေ၊ အဲ့လောက်ပဲရှိပါတယ်” လို့ ရွှေရောင် မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း(စစ်တွေ)ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီက ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းကို ပိတ်ဆို့ထားတာဟာ နိုဝင်ဘာ (၁၀) ရက် မနေ့က ပဒေသာရွာနဲ့ ဆင်အင်းကြီးကျေးရွာကြားမှာ ရခိုင့်တပ်တော် (AA) က စစ်ကောင်စီရိက္ခာတင်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်တဲ့ ဖြစ်စဥ်ကြောင့် ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

တချို့ဒေသခံတွေကတော့ အခုလိုလမ်းပိတ်တာဟာ တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေရှိတာကြောင့် ဖြစ် နိုင်တယ်လို့ ပြောတာမျိုးလည်း ရှိပါတယ်။

မ​နေ့ကပဒေသာရွာနဲ့ ဆင်အင်းကြီးကျေးရွာကြားမှာ ရခိုင့်တပ်တော် (AA) က စစ်ကောင်စီရိက္ခာတင် ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရ သေးပါဘူး။

အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အနီးက ကျေးရွာ ဖြစ်တဲ့ ဆင်အင်းကြီးကျေးရွာကို ညနေပိုင်းမှာ ဝင်ရောက်ပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးတဲ့အပြင် ရွာခံ (၁၁) ဦးထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာ (၁၁) ရက်၊ မနက်ပိုင်းမှာလည်း စစ်ကောင်စီက လေဘာရုံရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ အမျိုးသားတစ်ဦးလည်း ခြေနှစ်ဖက်လုံးပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် (AA) ကြား လက်ရှိစစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်လုံးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှ ာရခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေကြား တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ချိန်ကစလို့ စစ်ကောင်စီက ကုန်းလမ်းနဲ့ရေလမ်းကြောင်းတွေကို ကုန်စည်စီးဆင်းမှုမရှိစေဖို့ ပိတ်ဆို့တာတွေ ရှိသလို AA ကလည်း သူတို့ကိုသတင်းပို့ပြီးမှ သွားလာကြဖို့ ထုတ်ပြန်ထားတာတွေရှိပါတယ်။