စစ်ကောင်စီအဖွဲ့ဝင်တွေတက်တဲ့ ဘားအံက ကရင်ပြည်နယ်နေ့ပွဲတော် အနီးမှာ ဗုံးပေါက်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကရင်ပြည်နယ်နေ့ ပွဲတော်စတင်တဲ့ နိုဝင်ဘာ (၇) ရက်ညပိုင်းမှာ ပွဲတော်ကျင်းပရာ ဒုံးယိမ်းကွင်းအနီးက လဝကရုံးရှေ့မှာ ဗုံးငါးလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။

“ပထမတော့ ဘုန်းကြီးကျောင်းမှာ ဝါးဆစ်ထဲယမ်းထည့်ဖောက်တယ်ထင်တာ၊နောက်တော့ထပ်ပေါက်တယ် ငါး လုံးလောက်ရှိတယ်၊ နောက်ဆုံးနှစ်လုံးဆိုမြေကြီးတွေပါတုန်တယ်၊ ပြီးတော့သေနတ်သံ ငါးချက်လောက် ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


နှစ်စဉ်ကျင်းပနေကျ ဘားအံမြို့က ကရင်ပြည်နယ်နေ့ပွဲတော်ကို စစ်ကောင်စီက ဦးစီးကျင်းပနေတာ နှစ်နှစ်ရှိပြီ ဖြစ်ပြီး မနေ့ညက ဗုံးပေါက်မှုဖြစ်ချိန်မှာ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊စောဒန်နီရယ်တို့အပါအဝင် စစ် ကောင်စီဝန်ကြီးတွေလည်း ရှိနေတယ်လို့သိရပါတယ်။

ဗုံးပေါက်မှုကြောင့် လူနဲ့အဆောက်အအုံတွေ ထိခိုက်တာမရှိခဲ့သလို စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေ တက် ရောက်နေတဲ့ ကရင်ပြည်နယ်နေ့ပွဲတော်ကိုလည်း ရပ်နားလိုက်တာမျိုးမရှိဘူးလို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

“ပွဲထဲမှာကတော့ သီချင်းသံကရပ်မသွားဘူး၊ ပွဲကလည်း အရင်ကဆိုကျပ်သိပ်နေရော၊ အခုကတော့ လူသွားတာ မတွေ့ဘူး၊ (ဗုံးပေါက်မှုကြောင့်)ဒုံးကတာလည်းရပ်မသွားဘူး ” လို့ ကရင်ပြည်နယ်နေ့ပွဲတော်ကျင်းပတဲ့ ဒုံးယိမ်း ကွင်းနားမှာ နေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။ဗုံးပေါက်အပြီး ထွက်ပေါ်လာတဲ့သေနတ်သံတွေဟာ ဘယ်လက်က ပစ်ခတ်လိုက်တဲ့ သေနတ်သံဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

အဲ့ဒီဗုံးပေါက်သံနဲ့ သေနတ်ပစ်ခတ်သံတွေအပြီးမှာ ဆက်တိုက်ဆိုသလို ပြည်နယ်ပွဲကျင်းပရာ ကွင်းထဲကနေ မီး ရှူး၊မီးပန်းတွေလည်း ဖောက်တာကြောင့် ဗုံးပေါက်မှုကို ရောထွေးသွားအောင် ဖုံးကွယ်ဖျောက်ဖျက်လိုက် တာြဖစ်နိုင်တယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။
“ဗုံးပေါက်တာကို မီးရှူးမီးပန်းနဲ့ရောလိုက်တာ”လို့ ဗုံးပေါက်မှုကိုသိတဲ့ မြို့ခံတဦးက ပြောပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်ဟာ ဒေသတွင်းမှာ နှစ်စဉ်လူအစည်ကားဆုံး ပွဲတော်တခုဖြစ်ပေမယ့် စစ်တပ်က အာ ဏာသိမ်းပြီးနောက် စစ်ကောင်စီက ဦးစီးကျင်းပနေတာဖြစ်တဲ့အတွက် မစည်ကားတော့ နှစ်နှစ်ရှိပြီလို့ မြို့ခံ တွေက ဆိုပါတယ်။

အခုနှစ် ကရင်ပြည်နယ်နေ့ပွဲတော်ကိုတော့ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတာတွေရှိပြီး ပွဲတော် ကျင်းပရာ ကွင်းထဲကို ပြည်ထောင်စုမီးပွိုင့်ဘက်ကနေ မှတ်ပုံတင်ပြပြီးဝင်ရတယ်လို့ သိရပါတယ်။

Photo – ကရင်ပြည်နယ်နေ့ပွဲတော် အကြိုဖျော်ဖြေမှုမြင်ကွင်း..။