တောရဲ့ထုနဲ့ တစ်နှစ်အတွင်း အမေ့လျော့ခံစစ်ပွဲကို အဆုံးသတ်ရန်နှင့်ကကမီးနဲ့ ကကမုကို သတိပြုကြ

တစ်နှစ်အတွင်း တောရဲ့ထုကို ယုံကြည်လောက်သလား

သမိုင်းတွေက တစ်ပတ်ကျော့ ပြန်လည်တယ်လို့လည်း မဆိုနိုင်။  ဒါမျိုး ငါတို့ကြုံခဲ့ဖူးဆိုတဲ့ ဒီဂျေဗူး ခံစားမှုလည်းမဟုတ်နိုင်။ ဒါပေမဲ့ ဦးအောင်ဆန်းတို့ရဲ့ တစ်နှစ်အတွင်း လွတ်လပ်ရေးဆိုတာကိုတော့ ပြန်သတိရမိတာ အမှန်ပါပဲ။ ၁၉၄၇ဇန်နဝါရီလထဲ ချုပ်ဆိုခဲ့တဲ့ အောင်ဆန်း – အက်တလီ စာချုပ်ထဲမှာကို မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးဖို့ အစီအစဉ်ကို နယ်ချဲ့ ဗြိတိသျှအစိုးနဲ့ ချုပ်ဆိုနိုင်ခဲ့ပြီး တကယ်တမ်းလည်း ရက်စွဲသာ ကွာ၊ လမလွဲ နောက်တစ်နှစ် ဇန်နဝါရီလထဲမှာပဲမြန်မာနိုင်ငံ လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့။ အခု တော်လှန်စစ်ပွဲ တစ်နှစ်ပြည့်ချိန်မှာ မညရ အမျိုးသားညီညွတ်ရေး အစိုးရ(မညရ)ဟာ စစ်အာဏာရှင် ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲကာလ တစ်နှစ် သတ်မှတ်လိုက်ပါတယ်။ နွေဦးတော်လှန်ရေး အဦးအစကာလတွေမှာတော့ မျှော်လင့်ခိုးတွေက တဝေဝေနဲ့ လူကို လူလို မှတ်လေမလား (စစ်မိစ္ဆာဂိုဏ်းအပေါ် ဆုံးဖြတ်ချက်မှား)၊လူကိုလူလို ကူလေမလား (ဒေသဆိုင်ရာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် မျှော်လင့်ချက်မှား) ပြည်သူလူထုဟာ ကာလတစ်ခုအထိ ရိုးအခဲ့၊ ကမ္ဘာ့အစီအစဉ် ကမ္ဘာ့စနစ်ကို အရှိထက် ပိုတွက်ထားတာ မဟုတ်ပေမဲ့ ဒီထက် လူသားဆန် ဒီထက် စွမ်းဆောင်ရည်ရှိမယ် တွက်မိထားလို့ ကျွန်တော်တို့က အာရ်တူးပီတွေ၊ နိုးဖလိုင်းဇုန်တွေ ထက်ထက်သန်သန် အော်ခဲ့မိတာတော့အမှန်။ အာဖရိကအာရှနဲ့ မဖွံ့ဖြိုးတဲ့ တောင်ပိုင်းကမ္ဘာတွေက လူ့အသက်တန်ဖိုးတွေထက် မြောက်ပိုင်းကမ္ဘာက လူတွေရဲ့ အသက်တန်ဖိုးကို (အဆုံးအဖြတ်ပြုနိုင်တဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေက) လက်တွေ့ အလေးထားခြင်း ရှိနေတာကို တွေ့လာကြရတယ်။ ကျွန်တော်တို့နိုင်ငံကလူထုတွေ စစ်မိစ္ဆာတွေရဲ့လူမဆန် သတ်ဖြတ်နှိပ်စက်မှုတွေအောက် တစ်နှစ်တာ မရှုမလှ ကျရောက်ပြီးတဲ့နောက် ကမ္ဘာ့အကျပ်အတည်းစာရင်းမှာ ထိပ်ကို ရောက်လာတဲ့ ယူကရိန်းနိုင်ငံအပေါ် ရုရှားကျူးကျော်စစ်အတွက် စစ်ရေးနဲ့ လူသားချင်းစာနာမှုအထောက်အပံ့တွေ အောတိုက်ပုံပို့ကြတဲ့အခါ ထင်ထင်ရှားရှား တွေ့လာကြရပါတယ်။  ထားပါတော့ ငါတို့မှာ ငါတို့ပဲ ရှိတာ ဆိုတဲ့အယူအဆခိုင်မာလာတာ နောက်ကျလှတယ် မဆိုနိုင်ပါ။ ဒီလိုနဲ့  အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ဖြုတ်ချရေးအဆုံးသတ်တိုက်ပွဲ ဆင်နွှဲမယ့်ကာလကို တစ်နှစ်သတ်မှတ်ထားပြီး ဘက်ပေါင်းစုံကနေ စစ်ကောင်စီကို ထိုးစစ်ဆင်သွားမယ်ဆိုတဲ့ အသိပေးချက်က ထွက်ပေါ်လာခဲ့ပါပြီ။ ပိုင်းဖြတ်ချက်ထွက်လာတဲ့အခါ ရေရာတဲ့ ကာလသတ်မှတ်ချက်ဆိုပြီးအားတက်သူ လည်းရှိ၊ ချို့ယွင်းချက်နဲ့ အပျက်တွေချည်း ကွက်ပြောပြီး ဟဟပေးသူလည်း ရှိပေါ့။

ကျွန်တော့်မိတ်ဆွေတစ်ဦးကတော့ “NUGက one year plan လို့ကြေညာထားပြီမို့ ဒီတစ်နှစ်အတွင်း ဘာမှမလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ လက်ထဲမှာလည်းတစ်နှစ်စာအတွက် အထုပ်ထဲမှာ ရှိသေးတယ်။ တစ်နှစ်ပြည့်သွားလို့ ဘာမှဖြစ်မလာရင်လဲ တိုင်းပြည်က ဘာမှကောင်းစရာ မရှိတော့ ပြီမို့ ဤဘဝဤမျှသာပဲပေါ့။” လို့ လှမ်းပြောတယ်။ သူလုပ်ဖို့ ရည်ရွယ်ထားတဲ့ အလုပ်က တိုင်းကားပြည်ရွာ သာယာစည်ပင်နေမှ လုပ်ကောင်းတာမျိုး၊ တိုင်းကားပြည်ရွာ သာယာစည်ပင်ပုံကို သွယ်ဝိုက် ခင်းပြထောက်ခံနေသလို အလုပ်မျိုးမို့ သူဘာမှ မလုပ်တော့ဘူးဆိုတာကို သူ့အခြေအနေအရ ကျွန်တော်က ထောက်ခံလိုက်မိတယ်။ ပရိယေသနဆိုပြီး ထထလုပ်နေတဲ့အလုပ်ကလည်း ဒီစစ်ဂိုဏ်းသားတွေရဲ့ တရားမဝင်အုပ်ချုပ်မှုက အရာထင် အောင်မြင်နေကြောင်း ပြသရာ အခြေအနေမျိုးမဖြစ်ရင် အကောင်းဆုံးပဲ မဟုတ်လား။ တစ်ပင်ချင်းမှာ ကွေးတာ ကောက်တာ အတွင်းကြိတ်မနိပ်လှတာ တချို့ ကြားသိနေရပေမဲ့ တစ်တောလုံးအနေနဲ့တော့ ဒီအချိန်နဲ့ ဒီအခြေအနေမှာကို ထုကောင်းကောင်းဖြစ်တည်နေတဲ့ တောအုပ်ပဲလို့ ကျွန်တော်ကတော့ မြင်မိလို့ မညရ အစိုးရရဲ့ ‘တစ်နှစ်အတွင်း’ကို ဖဆပလက ဦးအောင်ဆန်းတို့ စာနဲ့ပေနဲ့ အင်္ဂလန်သွား စာချုပ်နိုင်ခဲ့တဲ့‘တစ်နှစ်အတွင်း’နဲ့ မယှဉ်နိုင်သော်ငြား အားထားဖွယ်ပေပဲလို့ သဘောရမိပါတယ်။အမေ့လျော့ခံစစ်ပွဲတွေနဲ့ ကမ္ဘာမှန်မမှန် ဆိုတာ အသေအချာ စေ့ငုရဦးမှာ ဖြစ်ပေမဲ့ ယူကျုဘ်က ပညာရပ်ဆွေးနွေးပွဲတစ်ခုမှာ စိတ်ဝင်စားဖွယ်ညီမျှခြင်းတစ်ခုကို ကျွန်တော် ခုရက်ပိုင်း ရရှိလိုက်တယ်။ “ဘာသာရေးကနေ ဒဏ္ဍာရီ ထွက်လာတယ်။(ဒဏ္ဍာရီ + နိုင်ငံရေး = ဘာသာရေး)” တဲ့ (မူရင်း mith + politics = religion)။ တက်ရောက်နားထောင်သူ ပရိသတ်တစ်ဦးရဲ့အမေးနဲ့ ပတ်သက်လို့ ဖြေကြားဆွေးနွေးကြရာမှာ မေးမြန်သူက ပြန်လည်မှတ်ချက်ပြုစဉ် ထည့်ပြောသွားတဲ့ သူ့ရဲ့ အဆိုပါပဲ။ဒဿနဆိုင်ရာ ဖြစ်တဲ့အတွက် မှန် မှား လျော်မလျော်ဆိုတာ စာသားနဲ့ စာသားဆက်စပ်အခြေအနေတွေကြည့်ပြီး ဆက်လက်စဉ်းစားစရာ အများကြီးရှိနိုင်ပေမဲ့ လက်ရှိ နိုင်ငံရေးတွေမှာ ဘာသာရေးဘက်က မှတ်ချက်တွေကို ဆက်တွေးမိ။ ခရစ်ယာန်ဘာသာရေး သတင်းအေဂျင်စီက လတ်တလော (အောက်တိုဘာ ၁၄) သတင်းဖော်ပြချက်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကကမ္ဘာ့အမေ့လျော့ခံစစ်ပွဲတွေအကြောင်း ပြောကြားခဲ့ရာမှာ ဆီးရီးယား၊ ယီမင်၊ အာဖရိကနဲ့ မြန်မာနိုင်ငံတွေအကြောင်း ထည့်ပြောသွားသတဲ့။ အမေ့လျော့ခံ စစ်ပွဲတွေနဲ့ သူတို့ကို ဒီလိုမေ့ထားတာဟာ ရှက်စရာလို့ ရဟန်းမင်းကြီးက ဆိုပါတယ်။ စစ်ဘေးသင့်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက မေ့မထားဖို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်ပါတယ်။ ဒီတစ်ကြိမ်ထဲတင်မကဘဲအရင်ကလည်း ပုပ်ဖရန်စစ်ဟာ စစ်ဘေးဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အရေးကို ဝစီကံမေတ္တာ ပြသထုတ်ဖော်တောင်းဆိုခဲ့ဘူးပါတယ်။ ညီမျှခြင်းထဲက ညီမျှခြင်းလို့ ဆိုရမယ် ဆိုရင်တော့ မြန်မာဗုဒ္ဓဘာသာအဓိကဂိုဏ်းဖြစ်တဲ့ ရွှေကျင်ဂိုဏ်းကြီးရဲ့သာသနာပိုင်ဖြစ်တော်မူသော အရှင်ဉာဏိဿရ သီတဂူ ကိုယ်တော်မြတ်ကတော့ ရုရှားမှာ ဘုရားတည် ထီးတင်ရင်း ရုရှားနိုင်ငံကြီး အေးချမ်းသာယာရှိပါစေလို့ လပိုင်းလောက်က သွားရောက် ဆုချွေကြွေးကြော်တော်မူခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာကုလ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆိုးရွားတယ်ဆိုတဲ့ အခြေအနေကနေအဆိုးဆုံး၊ကြောက်စရာအကောင်းဆုံး အခြေအနေကို ရောက်နေပြီ၊ ကမ္ဘာကြီးရဲ့ အမေ့လျော့ခံ ဒါမှမဟုတ် ကမ္ဘာကြီးက ဂရုမစိုက်တော့တဲ့အခြေအနေကို ရောက်နေပြီလို့ စက်တင်ဘာထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောကြားခဲ့လင့်ကစားမြန်မာနိုင်ငံက ထေရဝါဒ ဆရာတော်ကြီးများအဖို့တော့ မြန်မာနိုင်ငံစစ်ပွဲဟာ အမေ့လျော့ခံစစ်ပွဲဖြစ်ပြီး သာသနာ့ ဒါယကာဖြစ်တဲ့လူထုပြည်သူတွေကလည်း အမေ့လျော့ခံ ပြည်သူတွေ ဖြစ်နေပါပြီ။ အရေးကြီးဆုံးက ကျွန်တော်တို့ သာမန်ပြည်သူတွေအချင်းချင်း စားကောင်းခြင်းအတွက် ခါတိုင်းထက် ပိုပြီး ခက်ခဲရှာဖွေနေရပေမဲ့ အိပ်ကောင်းခြင်း အိပ်နိုင်သေးတဲ့ ဒေသတွေကလူတွေဟာ စားကောင်းခြင်း အိပ်ကောင်းခြင်းမရှိရှာဘဲ စစ်ပြေး အဖိနှိပ်ခံ အသတ်ဖြတ်အလုယက်ခံဖြစ်နေရတဲ့ ဒေသတွေကလူတွေအပေါ် သတိရစာနာပြီး ငါတို့ဟာ အတူတကွ ပုံမတော်ရင် သတ်စားခံရမယ့် တစ်ခြင်းထဲက ကြက်တွေပါပဲလို့ မမေ့မလျော့သတိမြဲမြဲထားကြဖို့ပါ။

က က မီးနဲ့ က က မု

မြန်မာ့တပ်မတော်လို့ အမည်ခံထားဆဲဖြစ်တဲ့ အာဏာလု စစ်ဂိုဏ်းအုပ်စု လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ  တပ်မတော် ကြည်း ရေ လေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လို့ ဖွဲ့စည်းထားရှိပြီး တပ်မတော်ကြည်းအောက်မှာတပ်ဖွဲ့တွေ ညွှန်ကြားရေးမှူးရုံးတွေ ဖွဲ့စည်းထားရှိပါတယ်။ အဲဒီတပ်ဖွဲ့တွေနဲ့ ညွှန်ကြားရေးမှူးရုံးတွေကို အတိုကောက်အားဖြင့် ကက လှမ်း၊ က က ထုတ်၊ က က ဝယ် စသဖြင့် အတိုကောက် ခေါ်ကြတာ ကျွန်တော်တို့ အကြမ်းဖျင်း သိကြပြီး ဖြစ်ပါတယ်။ အခု ဒီစစ်အာဏာလု ကြိုးပမ်းမှု ဖြစ်စဉ်တွေအတွင်း က က မီး က လက်စွမ်းပြပြီး မြို့ရွာတွေကို မီးလောင်တိုက် သွင်းနေတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒီထက် အသေးစိတ်ခွဲခြားရင် က က လု ဆိုတဲ့ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ဓားပြသဖွယ် လုယူတဲ့တပ်ဖွဲ့တွေကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ က က ကြည်း အောက်က တပ်ဖွဲ့အားလုံးဟာ က က မီးနဲ့ က က လု တွေလည်းဖြစ်တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး။ ရှိရင်းစွဲ ညွှန်ကြားရေးမှူးရုံးတွေထဲက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကိုတော့ က က မု လို့ ခေါ်ရမှာပါပဲ။ အရင် ဒီညွှန်ကြားရေးမှူးရုံးက ညွှန်ကြားရေးမှူး လုပ်ခဲ့သူဟာ အခု စကစရဲ့ပြန်ကြားရေး ဒုဝန်ကြီးကို တာဝန်ယူထားတော့ က က မုရဲ့ လုပ်ငန်းတွေဟာ ပိုကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ စစ်ပွဲတစ်ခုဖြစ်လာတဲ့အခါ အဦးဆုံးကျဆုံးသူဟာ အမှန်တရားပဲ ဆိုစကားအရ က က မု နဲ့ စကစရဲ့ ပြန်ကြားရေးဟာ မုသားတွေကိုတရားဝင် ထုတ်လုပ်ဖြန့်ဖြူးသူ ဖြစ်လာခဲ့ပါတယ်။ သူ့ချည်းသာလောဆိုရင် မဟုတ်ပါဘူး။ သူ့သခင်ရဲ့ အသံကို နားထောင်ပြန်လည်ထုတ်လွှင့်မယ့် ခွေးတံဆိပ်က ခွေးလိမ်မာလို ဒေါက်တိုင် အဖွဲ့အစည်းတွေကလည်း အုံနဲ့ ကျင်းနဲ့ အသင့်ရှိပြီး ဖြစ်ပါတယ်။ လတ်တလော သာဓကတစ်ခု ရှိခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက် ကျိုက်ထီးရိုးတောင်တက်စခန်း ပစ်ခတ်မှုဖြစ်တော့ဘုရားဖူးအရပ်သားတွေ လက်နက်ထိမှန် သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ က က မုရဲ့ ထုတ်ပြန်ချက်မှာ တစ်ဖက် တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်လို့ သမုတ်ခေါ်ဝေါ် က သူတို့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့တယ်လို့ တရားခံဖော်ခဲ့ပါတယ်။ အခြားလွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေမှာ မျက်မြင်ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ စကစ တပ်ဖွဲ့တွေရဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ဖြစ်နိုင်ကြောင်းကိုပါ တွေ့ရှိရပါတယ်။ အရေးကြီးတဲ့ သူ့ချည်းသာလောကို ဆက်ပါရစေ။ဒီပစ်ခတ်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း အဖွဲ့အစည်းတချို့ရဲ့ ထုတ်ပြန်ကြေငြာချက်တွေကို က က မုရဲ့ အောက်တိုဘာ ၁၃ရက် သတင်းစာတွေမှာ ထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ဝိုင်အမ်ဘီအေ (ဗဟို)၊ သတင်းမီဒီယာကောင်စီ၊ဂီတအစည်းအရုံး(ဗဟို)၊ စာရေးဆရာ အသင်း စတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး အရှေ့အနောက် တောင်မြောက်က ရတဲ့ သတင်းကိုအခြေမခံဘဲ ကက မုရဲ့ အထက်က ထုတ်ပြန်ပေးတဲ့ သူ့သခင်အသံအတိုင်း ပဲ့တင်ထပ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ (သူတို့ခေါ်ဝေါ်သမုတ်ချက်အရ အကြမ်းဖက်အဖွဲ့) ရဲ့ လက်ချက်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရသတင်းဌာနအချို့ကို သူတို့ ထုတ်ပြန်ပေးတဲ့အတိုင်း မဖော်ပြတဲ့အတွက် အရေးယူသတိပေးဆိုတဲ့ သတင်း ဆက်လက်ထွက်လာခဲ့တယ်။ က က မုနဲ့ သူ့သခင်အသံကို ပဲ့တင်ထပ်မှုတွေဟာ အမှန်မဟုတ်ဘဲ စစ်ဂိုဏ်းအုပ်စုက ဖောက်ချပေးတဲ့သမိုင်းအညစ်အကြေး ရေစီးတွေသာ ဖြစ်ကြောင်း ကျွန်တော်တို့ အထောက်အထားနဲ့တကွ ခွဲခြားမှတ်တမ်းတင်ထားရဦးမှာဖြစ်ပါတယ်။ ဘာကြောင့်ဆိုတော့ က က မု ဟာ အဖြူပေါ်အမည်းတင်ပြီး ပုံနှိပ်အထောက်အထားအဖြစ်သတင်းစာမျက်နှာတွေကို နေ့စဉ် ရိုက်နှိပ်ထုတ်ဝေနေတာကြောင့် ဖြစ်ပါတယ်။

ဗညားမော်
အောက်တိုဘာ ၁၆၊ ၂၀၂၂