CSO တွေ NGO တွေအတွက် မာရှယ်လော 

 “ ဒါကို အကုန်လုံးခြုံပြီးပြောမယ်ဆိုရင်တော့ NGO မာရှယ်လောလို့ ပြောလို့ရပါတယ် ” 

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ကို တည်ထောင်သူ ဉီးထူးချစ် က အောက်တိုဘာ ၂၈ ရက်နေ့က ထွက်ရှိလာတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေအပေါ်ပြုခဲ့တဲ့ မှတ်ချက်ပါ။

ဒီဉပဒေဟာ စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ ဉပဒေပါ။ ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေကို ပြင်ဆင်ပြဌာန်းတာမျိုး မဟုတ်ဘဲ ဖျက်သိမ်းပစ်ပြီး အသစ်ပြဌာန်းလိုက်တဲ့ ဉပဒေဖြစ်ပါတယ်။ 

ဒီဉပဒေသစ်ဟာ အမှန်တကယ် မြေပြင်မှာလုပ်ကိုင်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အခက်အခဲများစွာ ရှိလာနိုင်စေတယ်လို့ ခန့်မှန်းချက်တွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာနေပါတယ်။ 

အခန်း(၉) တားမြစ်ချက်များ ခေါင်းစဉ်အောက်က ပုဒ် ၃၉ မှာ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် မည်သည့် အသင်းအဖွဲ့မျှ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဉပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေသည့် ဆောင်ရွက်မှုများ မပြုရဆိုတဲ့အချက်ပါဝင်ပါတယ်။ 

ဒီအချက်ဟာ သရေကွင်းလို အချက်မျိုးဖြစ်တယ်လို့ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဉီးက သုံးသပ်ပါတယ်။ 

သူက “ တကယ်တော့ ဒီဉပဒေမှာပါတာတွေနဲ့ လက်ရှိသူတို့တွေအမှုစွဲထားတာတွေကို  လေ့လာကြည့်ရင် အရပ်ဘက်အဖွဲ့တွေကို မင်းတို့ဘာမှမလုပ်နဲ့လို့ ပြောတာနဲ့အတူတူပဲ  ” လို့ DNA ကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခွင့်အရေးဆိုင်ရာ လှုပ်ရှားကြတဲ့ အရပ်ဖက်အဖွဲ့စည်း အများစုဟာ ဆက်လက်မလှုပ်ရှားနိုင်တော့ပဲ ရပ်တန့်သွားခဲ့ရပါတယ်။ လက်ရှိအချိန်မှာ လှုူပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေဟာ နာရေးကူညီမှုလိုမျိုး လူမှုကူညီရေး အသင်းအဖွဲ့တွေ၊ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေနဲ့ အလုပ်သမားရေး ကူညီကြတဲ့ အဖွဲ့အစည်းတွေများပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေဖြစ်ပွားပြီး မြို့ပြတွေမှာလည်း မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာကြောင့် လူမှုကူညီရေးအသင်းတွေဟာ အမြဲအဆင်သင့်လုပ်ထားရကြောင်းနဲ့ အများစုဟာ ပြည်သူတွေရဲ့ ထိခိုက်မှုတွေကို ကူညီရတာြဖစ်ကြောင်း ရန်ကုန်မှာအခြေစိုက်တဲ့ နာရေးကူညီမှုအသင်းတစ်ခုမှာ ကားမောင်းတဲ့ ကိုမောင်မောင်စိုး ကရှင်းပြပါတယ်။

သူက “ တပ်ဘက်ကလူတွေဖြစ်ဖြစ် လာပစ်တဲ့သူတွေဘက်က ထိတာဖြစ်ဖြစ် ကျွန်တော်တို့ကကူစရာမလိုဘူး သူတို့လူနဲ့သူတို့ရှိတယ်။ ကျွန်တော်တို့က ဘေးပတ်ဝန်းကျင်က ထိခိုက်မိသူရှိရင် ကူရတယ်။ အခု ဉပဒေအရဆိုရင် ကျွန်တော်တို့က အဲ့လိုကူလို့မရတော့ဘူးဆိုတဲ့ ပုံစံမျိုးပဲ ”  လို့ ဆိုပါတယ်။

ကိုမောင်မောင်စိုး စိုးရိမ်နေတဲ့အချက်ကတော့ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် မည်သည့်အသင်းအဖွဲ့မျှ အောက်ပါအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းမပြုရ (က) နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ (ခ) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ (ဂ) မတရားအသင်းနှင့် ယင်းမတရားအသင်း၏ အဖွဲ့ဝင်များ လို့ ပြဌာန်းထားချက်ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို အားလျော့သွားစေမယ့် ဉပဒေတွေကို ဆက်တိုက်ဆိုသလို ပြဌာန်းနေပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်မှုဟာ အမှန်တကယ် တော်လှန်ရေး လုပ်ဆောင်နေသူများကို ထိခိုက်စေခြင်းမရှိနိုင်ဘူးလို့ ကရင်နီနဲ့ ရှမ်း နယ်စပ်မှာ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုဇော်မင်းက ဆိုပါတယ်။

သူက “ ကျွန်တော်တို့က သူတို့ဘာထုတ်ထုတ် စိတ်မဝင်စားဘူး။ သူတို့ကိုမကြိုက်လို့ တော်လှန်နေတာဖြစ်လို့ ဘာတွေကြပ်တယ်ပြောပြော လိုက်နာမှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့အတွက်တော့ ဘာမှထူးမနေဘူး ” လို့ DNA ကို ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးစကာလတွေမှာ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်း၊ ပြေတီဉီးဖောင်ဒေးရှင်း စတဲ့ ရုံးတွေကို ဝင်‌ရောက်ရှာဖွေ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဒါအပြင် ရန်ကုန်က လူထုသပိတ်မှာ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုတွေလုပ်ခဲ့စဉ်က ထိခိုက်သူတွေကို ကူညိရေးဆောင်ရွက်ခဲ့တဲ့ လူမှုကူညီရေး အသင်းသားတွေနဲ့ ကားတွေကို ရိုက်နှက်ဖျက်ဆီး ဖမ်းဆီးနှိပ်စက်တာမျိုးတွေ အထိပြုလုပ်ခဲ့ပါတယ်။

လူသိများတဲ့အဖွဲ့အစည်းတွေကို စောင့်ကြည့်တာမျိုးတွေရှိပြီး အလုပ်သမားရေး ကူညီတဲ့အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးဖို့ကြိုးစားတာမျိုးတွေအထိ လုပ်ဆောင်မှုတွေရှိပါတယ်။ ဒါကြောင့် ဉပဒေပြဌာန်းတာဟာ မတရားမှုကို ဉပဒေဘောင်အတွင်းက လုပ်ဖို့ ရည်ရွယ်တာသာြဖစ်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (STUM) ကိုတည်ထောင်သူ အန်တီမျိုးက ဝေဖန်ထောက်ပြပါတယ်။

သူက “ သူကလိုသော်ရ၏ မလိုသော်မရပဲ။ တည်ဆဲဉပဒေအရ ဖွဲ့စည်းထားသောလို့ ပါတဲ့အတွက် အလုပ်သမားရေးအဖွဲ့တွေက အဲ့ထဲမှာပါလို့ရတယ်။ ဒါပေမယ့် သူတို့က မပါစေချင်ဘူး သူတို့လုပ်ချင်တယ်ဆိုရင် လုပ်မှာပဲ ” လို့ ရှင်းပြပါတယ်။

အခုပြဌာန်းလိုက်တဲ့ ဉပဒေမှာ လူ ၅ ယောက်နဲ့အထက် ကျော်လွန်ပြီး လူမှုကူညီရေးအဖွဲ့  သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်း ဖွဲ့မယ်ဆိုရင် မှတ်ပုံမတင်မနေရ တင်ရမှာဖြစ်ပါတယ်။ မှတ်ပုံမတင်ပဲ အသင်းအဖွဲ့လှုပ်ရှားမှုပြုလုပ်ရင် ငွေဒဏ်၊ ထောင်ဒဏ် စသဖြင့် သတ်မှတ်ချက်တွေ ပါဝင်ပါတယ်။

အခုလို မှတ်ပုံမတင်မနေရအပြင် ဉပဒေပါ တင်းကြပ်တဲ့ ပြဌာန်းချက်တွေဟာ လူမှုကူညီရေး အသင်းငယ်လေးတွေကို ဆက်လက်မရပ်တည်နိုင်အောင် ဖိအားပေးသလိုဖြစ်နေပြီး အကယ်၍မှတ်ပုံတင်ပြီး ဆက်လက်လုပ်ကိုင်ရင်လည်း ပြည်သူက စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အဖွဲ့လို့ အမြင်ခံရမှာကို ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းတွေက စိုးရိမ်နေကြပါတယ်။