ရန်ကုန်မှာ တစ်ရက် ဆယ်နာရီကြာလောက် လျှပ်စစ်မီး ပုံမှန်ပျက်နေ

ရန်ကုန်ကမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း နေ့စဉ် လျှပ်စစ်မီး ဆယ်နာနာရီဝန်းကျင်လောက် အထိ ပျက်နေတယ်လို့ ရန်ကုန် မြို့ခံတွေက DNA ကို ပြောပါတယ်။
လျှပ်စစ်မီးကို အကြောင်းပြချက်မရှိ၊ ကြိုတင်အသိပေးခြင်းမရှိဘဲ ဖြတ်တောက်နေတာဖြစ်ပြီး တစ်ခါပျက်ရင် အနည်းဆုံး သုံးနာရီလောက်အထိ ကြာတတ်တယ်လို့ ဆိုပါတယ်။
“မနက်ကလည်းပျက်တယ်၊နှစ်နာရီလောက်ပြန်လာပြီး ပျက်သွားတာ၊အခုအချိန်အထိ လေးနာရီကျော် ပြီမလာ သေးဘူး”လို့ သင်္ဃန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
အဲဒီလို မီးပျက်နေတာကြောင့် လျှပ်စစ်မီးနဲ့လုပ်ကိုင်နေရတဲ့အလုပ်တွေအတွက် အဆင်မပြေမှုနဲ့ မီးစက်မောင်းလို့ ငွေအပိုကုန်ကျမူတွေရှိနေတယ်လို့လည်း သိရပါတယ်။
“မီးမလာရင်မီးစက်ကမောင်သုံးနေရတာ၊ဆီစျေးတွေကလည်းတက်နေတာ၊ဆီဖိုးနဲ့တင်အတော်ထိတယ်၊မီးလာမှလုပ်မယ်ဆိုတော့လည်းအချိန်အတိအကျနဲ့ပျက်နေတာမဟုတ်တော့ခက်တယ်”လို့ အိမ်တွင်း အထည်ချုပ်ရုံ ဖွင့် ထားသူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် CNGအရောင်းဆိုင်တွေမှာလည်းမီးပျက်ရင်အရောင်းရပ်ထားကြတာကြောင့် ဂတ်စ်ဖြည့်မယ့် ကားတွေ အချိန်ကြာကြာတန်းစီစောင့်ဆိုင်းရတာတွေပိုဖြစ်နေတယ်လို့ ယာဥ်မောင်း တချို့က ဆိုပါတယ်။
အခုလိုလျှပ်စစ်မီး နေ့စဉ် အချိန်နာရီနဲ့ချီ ပျက်နေတာကြောင့် ရာသီဥတုပူတဲ့နွေရာသီမှာ ပိုဆိုးလာမယ့် အခြေအ နေဖြစ်လာမှာလည်း ပြည်သူအများစုက စိုးရိမ်နေပါတယ်။ဒီကနေ့ နိုဝင်ဘာ (၅)ရက်မှာလည်း မနက်ပိုင်းကနေ ညနေပိုင်းအထိ ရန်ကုန်မြို့ မြို့နယ်အများအပြားမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတော့ ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ယို စိမ့်တာ၊ဓာတ်အားလိုင်းတာဝါတိုင်နှစ်ခု ပျက်စီးတာတွေကြောင့် ဓာတ်အား ပို့လွှတ်မှုလျော့နည်းနေပြီး အရေးပေါ် ဝန်အားလျှော့ချရမှာဖြစ်လို့ ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ မီးပြတ်တောက်မှုရှိနိုင်တယ်လို့ ဒီကနေ့ထုတ်ပြန် ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတဝန်းလျှပ်စစ်မီးမမှန်တဲ့အခြေအနေတွေ သိသိသာသာ မြင့်တက်လာပေမယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ လျှပ်စစ်ကားနဲ့လျှပ်စစ်ရထားတွေ ပြေးဆွဲအသုံးပြုဖို့ စစ်ကောင်စီ အ စည်းအဝေးတွေနဲ့ သူ့ရဲ့ခရီးစဉ်တွေအတွင်း တောက်လျှောက် ပြောဆိုတိုက်တွန်းနေတာပါ။
စစ်ကောင်စီဟာ လျှပ်စစ်မီးမှန်အောင်မပေးနိုင်ပေမယ့် မီတာခတွေကိုတော့ ဖိအားပေးကောက်ခံနေပြီး မီတာ မဆောင်တဲ့အိမ်တွေကို မီးဖြတ်အရေးယူတာတွေလည်း ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။