ရွေးကောက်ပွဲ အရှုံးကို လုံးဝ ဝန်မခံသေးတဲ့ ဘရာဇီး သမ္မတ 

ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက်ပိုင်း တောက်လျှောက် နှုတ်ဆိတ်နေခဲ့သူ ဘရာဇီး သမ္မတ ဂျဲဘော်ဆိုနာရိုက သူ့ကို မဲပေးသူတွေကို ကျေးဇူးတင်ကြောင်း ပထမဆုံး မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ 

လက်ယာစွန်း နိုင်ငံရေး ဝါဒစွဲ သမ္မတဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲမှာ အရင်သမ္မတဟောင်း လူးဝစ် အင်နာရှို လူလာ ဒါဆေးလ်ဗားကို ကပ်ပြီး အရေးနိမ့်ခဲ့ပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံးအဆင့်အဖြစ် နှစ်ဦးတည်း ယှဉ်ပြိုင်ကြတဲ့ အချိန်မှာ လူလာက မဲအရေအတွက် ၅၀.၉ ရာခိုင်နှုန်း ရရှိပြီး ဒါဆေးလ်ဗားက ၄၉.၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ 

နိုဝင်ဘာ ၁ ရက်မှာတော့ ဘော်ဆိုနာရိုက ခပ်တိုတို မိန့်ခွန်းတစ်ခု ပြောကြားခဲ့ရာမှာ မဲရုံကို သွားရောက်ပြီး သူ့အတွက် မဲပေးခဲ့ကြသူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တယ် ဆိုတာကိုတော့ လုံးဝ ဝန်ခံမသွားပါဘူး။ 

ဘော်ဆိုနာရိုရဲ့ မိန့်ခွန်းအပြီးမှာတော့ သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆီရို နိုဂွီရာက အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေ မကြာခင် စတင်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီစကားက ရွေးကောက်ပွဲ ရလဒ်ကို လက်ခံထားလိုက်ပြီလို့ အဓိပ္ပါယ် ရပေမယ့် ဘော်ဆိုနာရို ကိုယ်တိုင်ရဲ့ ပါးစပ်ကနေတော့ လုံးဝ ထုတ်မပြောခဲ့ပါဘူး။ 

အရင်တုန်းက ဘော်ဆိုနာရိုဟာ သူ့ရဲ့ ရာထူးကို ဘုရားသခင်ကသာ ဖယ်ရှားနိုင်မယ် ဆိုတာမျိုး လွန်လွန်ကဲကဲ ပြောဆိုတာတွေ ရှိခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် လူလာရဲ့ အနေအထားက အားကောင်းလာချိန်မှာတော့ ဘော်ဆိုနာရိုက သူဟာ ရွေးကောက်ပွဲရဲ့ မဲရေတွက်မှု စနစ်တွေအပေါ် သိပ်ပြီး မသင်္ကာဘူး ဆိုတာမျိုး လေသံ ပြောင်းလာခဲ့ပြန်ပါတယ်။ 

ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့နောက် ဘော်ဆိုနာရိုဟာ ၄၄ နာရီကြာ နှုတ်ဆိတ်နေခဲ့ပြီး ဒီအတောအတွင်း သူ့ကို ထောက်ခံသူတွေက ပြည်တွင်းမှာ ဆူပူ ဆန္ဒပြတာတွေ၊ လမ်းတွေကို ပိတ်ဆို့တာတွေ ဖြစ်လာပါတယ်။ ဘော်ဆိုနာရိုက သူ့ကို ထောက်ခံသူတွေဆီ ရည်ညွှန်းပြီး သူတို့ရဲ့ အိပ်မက်တွေဟာ ထာဝရ ရှင်သန်နေဦးမယ်လို့ ပြောကြားသွားပါတယ်။ 

ဘော်ဆိုနာရိုရဲ့ မိန့်ခွန်းထဲမှာ သူ့ရဲ့ ခါးသီးပြိုင်ဘက်လည်းဖြစ်၊ ဇန်န​ဝါရီ ၁ ရက်မှာ သမ္မတ အရိုက်အရာ လွှဲယူမယ့်သူလည်းဖြစ်တဲ့ လူလာရဲ့ အကြောင်းကို လုံးဝ ထည့်ပြောမသွားပါဘူး။ ဘော်ဆိုနာရိုကို အမာခံ အားပေးထောက်ခံသူတွေက ရွေးကောက်ပွဲ ရလဒ်ကို လက်ခံဖို့ ငြင်းဆိုနေကြဆဲဖြစ်ပြီး လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြတာတွေ လုပ်နေပါတယ်။ 

ဘော်ဆိုနာရိုက ဒီကိစ္စဟာ လူထုက သူတို့ရဲ့ အမြင်ကို ဖော်ထုတ် ပြသတာသာ ဖြစ်တယ်လို့ ပြောထားပေမယ့် ဘရာဇီး တရားရုံးချုပ် အကြီးအကဲ အလက်ဇန္ဒား ဒီမိုရေးစ်ကတော့ အဲဒီလို လမ်းတွေ ပိတ်နေတာက အများပြည်သူကို ထိခိုက် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ဆုံးဖြတ်ပြီး ချက်ချင်း အရေးယူ ဖယ်ရှားဖို့ အာဏာပိုင် အဖွဲ့အစည်းတွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။