ချစ်ခြင်း ၊ မုန်းခြင်း အလွန်အမင်း ဖြစ်ပွားနေသည်

၁။ လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းဟာ ချစ်ခြင်းရဲ့ အစွန်းတစ်ဖက်၊ မုန်းခြင်းရဲ့ အစွန်းတစ်ဖက်ဆီကို ရောက်နေကြပါတယ်။ ချစ်ခြင်းနဲ့ မုန်းခြင်းကိစ္စဟာ အလွန်အမင်းဖြစ်ပွားနေသလို၊ ဒီလို အစွန်းနှစ်ဖက်ကို ရောက်သွားအောင် တွန်းပို့နေတဲ့ အကြောင်းတွေလည်း များစွာ ပံ့ပိုးနေတာတွေ့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းတွင်းက ချစ်ခြင်း မုန်းခြင်းတွေဟာ လူ့အဖွဲ့အစည်းရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အချိန်နဲ့ အမျှ မလုံခြုံအောင် ပြုပြင်ဖန်တီးစီရင်နေပါတယ်။ 

၂။ ချစ်ခြင်း ၊ မုန်းခြင်းတွေ အလွန်အမင်း ဖြစ်ပေါ်တဲ့အခါမှာ ပြဿနာကိစ္စရပ်တွေအပေါ်မှာ ယထာဘူတကျကျ ကြည့်မြင်ဖို့ ၊ ရှုမြင်ဖို့ အားနည်းသွားကြပါတယ်။ အားလုံးမှာ ဘက်အစွဲ ကိုယ်စီနဲ့ အမှန်တရားကို ပိုင်းဖြတ်ကြပါတော့တယ်။ လူ့အဖွဲ့အစည်းထဲမှာ အများဆုံး သုံးနှုန်းပြောဆိုတဲ့နေ ဓမ္မနဲ့ အဓမ္မဆိုတဲ့ သတ်မှတ်မှုကိုယ်၌က လူတွေရဲ့ အတ္တနောမတိအထိုင်ပေါ်မှာ စေစားခံနေရပါတယ်။ 

၃။ ချစ်ခြင်းနဲ့ မုန်းခြင်း အစွန်းနှစ်ဖက်မှာ ရန်သူ မိတ်ဆွေ ဆိုတဲ့ အစွန်းတွေလည်း ရှိလာပါတယ်။ ငါတို့ သူတို့ … စသည်ဖြင့်၊ အုပ်စုပိုင်းဖြတ်မှုတွေ ကြီးထွားလာပါတယ်။ ကိစ္စတစ်ခုခုကို လုပ်တော့မယ်၊ စကားတစ်ခု ပြောတော့မယ်ဆိုရင် ပြောတဲ့အကြောင်းအရာကို အရင် သတိမရတတ်ကြပါ။ သူက ဘယ်ဘက်ကလဲ ဆိုတဲ့ မေးခွန်းနဲ့ အရင် အထိုင်ချစဉ်းစားပြီး လုပ်ကြ ပြောကြတာတွေ များလာပါတယ်။ 

၄။ မြန်မာ့လူမှုနိုင်ငံရေးဓလေ့ဟာ အစွန်းရောက်အယူအဆတွေ စွဲမြဲပြီးသားဖြစ်ပါတယ်။ ဒါဟာ ဓလေ့အသစ် မဟုတ်ပါ။ ဓလေ့အဟောင်းဖြစ်ပါတယ်။ လူသစ်တွေက ဓလေ့အဟောင်းကို ပြန်လည် လုပ်နေတာက သိပ်တော့ မဆန်းကြယ်ပါ။ လူသစ်တွေက အပြုအမူဟောင်းတွေနဲ့ စဉ်းစားချက် အထိုင်ဟောင်းတွေကို ပျော်ပိုက်သလို၊ ဒီလို မွှေ့လျော်အောင်လည်း အကြောင်းတရားပေါင်းစုံက ထောက်ပံ့နေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းတွင်းမှာ ပညာရေးကောင်း မဖြစ်ထွန်းလို့ အသိသစ် အမြင်သစ် အတွေးအခေါ်သစ်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် အစားထိုးနိုင်စွမ်း မရှိပါ။ 

၅။ ဒဏ်ရာတွေ၊ အနာတရတွေနဲ့ လူတွေကို ပြန်လည် စေ့စပ် တွေ့ဆုံပေးကြဖို့က လောလောဆယ်မှာ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်လာပါပြီ။ ချစ်ခြင်း မုန်းခြင်း ဆိုသည့် ဆူးကြီးများပေါက်နေတဲ့ လူပုဂ္ဂိုလ်များနဲ့ အမျိုးသားရင်ကြားစေ့ရေးကို မလုပ်နိုင်သလို အနိုင်အရှုံး မပြတ်သားသော ငြိမ်းချမ်းရေးကိုလည်း မလုပ်နိုင်ပါဘူး။ ကစားပွဲထဲမှာ တစ်ယောက်ယောက်ကို မောင်းထုတ်ဖယ်ရှားနိုင်မှသာ ဒီဖြစ်စဉ်ဟာ ငြိမ်သက်လာပါတော့မယ်။ ဖယ်ရှားဖို့ ဆိုတဲ့နေရာမှာလည်း အင်အားသုံးဖယ်ရှားရေးသာလျှင် လက်ရှိ မြန်မာ့နိုင်ငံရေးအင်အားစုအတွင်းက ရေပန်းအစားဆုံး လမ်းစဉ်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ 

အယ်ဒီတာ 

၁ ၊ နိုဝင်ဘာ၊ ၂၀၂၂။