ကရင်ပြည်နယ်၊ကျိုက်ဒုံမြို့ရဲစခန်းကိုအောက် တိုဘာ (၂၈)ရက် မနေ့က ညပိုင်းမှာ KNLA ပူးပေါင်တပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တဦးသေကာ လက်နက် ခဲယမ်းတွေ သိမ်း ဆည်းရမိတယ်လို့ KNU က ဒီကနေ့ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ ကျိုက်ဒုံဗျူဟာတပ်က လက်နက်ကြီးတွေနဲ့ ကျိုက်ဒုံမြို့ဘက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ဦးရဲ့ နေအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ကဆိုပါတယ်။
နာရီဝက်လောက်ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ G-3 သေနတ် ခြောက်လက်၊G-4တလက်၊အူဇီသေနတ် နှစ်လက်၊ခြောက်လုံးပြူးလေးလက် စတဲ့ လက်နက် ငယ်တွေနဲ့ ကွန်မန်ဒို စိန်ပြောင်းလေးလက် အပါ အဝင် လက်နက်နဲ့ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာKNLA တပ်ရင်း (၁၈) လက်အောင်ခံ တပ်ခွဲ (၁) တပ်ခွဲ(၄)နဲ့ ဒေါန စစ်ကြောင်း ပူးပေါင်းအဖွဲ့ တို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
KNLA ပူးပေါင်းတပ်ဘက်က ထိခိုက်မှုအခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေဟာ အခုလအတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာတော့ KNLA ဘက်က မြို့တွင်းက စစ်ကောင်စီနေရာတွေအထိ ဝင်ရောက်တိုက် ခိုက်တာတွေရှိလာနေတာပါ။