ငသိုင်းချောင်း – ဂွလမ်းမကြီးမှာ ရိုဟင်ဂျာ ငါးဆယ်နီးပါးနဲ့ လမ်းပြနှစ်ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ငသိုင်းချောင်း- ဂွ ကားလမ်းမကြီးရဲ့တောစပ်မှာ အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းက ရိုဟင်ဂျာ (၄၆) ဦးနဲ့ လမ်းပြနှစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ငါးသိုင်းချောင်း မြို့နယ်နဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်အကြား ငါးသိုင်းချောင်း -ဂွ ကားလမ်း ဒေါင်းချောင်း ကျေးရွာအုပ်စု၊ ဗောဓိကျေးရွာနားက တောစပ်မှာ စစ်ကောင်စီတပ်က ဖမ်းမိတာပါ။

“တောစပ်မှာနားနေကြတာ သတင်းရလို့ စစ်တပ်က လိုက်ရှာပြီး ဖမ်းမိသွားတာ”လို့ လ. ဝ. က ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေမှာ ရိုဟင်ဂျာ အမျိုး သား (၂၈) ဦး၊ အမျိုးသမီး (၁၈) ဦးနဲ့ လမ်းပြနှစ်ဦး၊ စုစုပေါင်း (၄၈) ဦး ပါဝင်ပြီးရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တော ဒေသဘက်ကနေ ဧရာဝတီတိုင်း ဘက်ကို ကုန်းကြောင်းခရီးနဲ့ လာကြတာဖြစ်တယ်လို့ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ ပွဲစားတစ်ဦးရဲ့ အဆက်အသွယ်နဲ့ မလေးရှားကို သွားဖို့အတွက် ထွက်လာကြတာ ဖြစ်ပြီး ဂွမြို့နယ်ဘက်အခြမ်း ဗောဓိကျေးရွာမှာ အခုလို ဖမ်းခံရတာပါ။

ပွဲစားဆိုသူ အမျိုးသား တစ်ဦးက မလေးရှား နိုင်ငံသွားချင်ရင် ကျပ် သိန်း (၈၀) နဲ့ပို့ဆောင်ပေးမယ်၊ ဧရာဝတီတိုင်းဘက်ကနေ ထွက်ရမယ်ဆိုလို့ လာကြတာလို့ ဧရာဝတီ မြန်မာ မွတ်ဆလင် ကွန်ရက် အဖွဲ့ဆီက စုံစမ်းသိရှိရပါတယ်။

“ပို့ဆောင်ခကို ချက်ချင်း ပေးစရာမလိုဘဲ မလေးရှားရောက်တဲ့အချိန်မှသာ ပေးရမယ်၊ ဗောဓိရွာနား ကနေ လာခေါ်မယ့် ပွဲစားကို စောင့်နေတုန်း အဖမ်းခံရတာ” လို့ ဧရာဝတီ မြန်မာ မွတ်ဆလင် ကွန်ရက် အဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။

ဖမ်းမိထားတဲ့ ရိုဟင်ဂျာတွေကို ဂွမြို့နယ်ရဲစခန်း အချုပ်မှာ ယာယီ ထိန်းသိမ်း စစ်ဆေးနေပြီး လဝ က အက်ဥပဒေနဲ့ အမှုဖွင့်အရေးယူသွားမှာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက ဆက်သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၂၂) ရက်နေ့ကလည်း မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး တိုးမြစ်အတွင်းမှာ စက်လှေနဲ့ဝင်လာတဲ့ ရိုဟင်ဂျာ (၅၄) ဦးနဲ့ စက်လှေသမား လေးဦးကို ဖမ်းမိခဲ့ပါသေးတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ရခိုင်ပြည်နယ်ဘက်ကနေ ဧရာဝတီတိုင်းဘက်ကို ကုန်းလမ်း ရေလမ်းတွေက နယ်မြေဖြတ်ကျော်လာတဲ့ ရိုဟင်ဂျာ (၆၀၀) ကျော်ကို စစ်ကောင် စီက ဖမ်းထား ပြီး (၁၅၀) ကျော်ကို ထောင် ၂ နှစ်စီ ချလိုက်တယ်လို့ သိရပါတယ်။