ကြာအင်း-တဂေး လမ်းမကြီးပေါ်မှာ စစ်အုပ်စုနဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွား

KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကြာအင်း-တဂေးလမ်းမကြီးပေါ်မှာ နယ်မြေကျူးကျော်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၉ရက်နေ့ မနက်အစောပိုင်းမှာ KNLA တပ်ရင်း ၁၇ နယ်မြေအတွင်းကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် KNLA တပ်ရင်း ၁၇ တပ်ခွဲ (၂) တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေခဲ့တာပဲဖြစ်ပါတယ်။
“ဖြစ်တာက ကြာအင်း-တဂေး ကြားမှာပဲ ဒီမနက်မှာဖြစ်သွားတာ။ ထိခိုက်ကျဆုံးမှုတွေတော့ ကြားတယ်။ ဒါပေမဲ့ အတိအကျတော့ သတင်းမရသေးဘူး။” လို့ ဒေသခံတစ်ဦးက KIC သတင်းဌာနမှာ ဖြေကြားထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ကြာအင်းအခြေစိုက် အမြောက်တပ်ကနေ လက်နက်ကြီး ၃လုံးနဲ့ ပစ်ခတ်ခဲ့ပြီး လူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ကာ အိမ်မွေးတိရစ္ဆာန်အချို့လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်အုပ်စုက အင်အားအများအပြားထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။