ချန်ပီယံလိဂ် နိုင်ပွဲဆက်မှု ရပ်တန့်သွားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီး 

 မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာတော့ လက်ရှိ ချန်ပီယံ ရီးရဲလ် မက်ဒရစ်ရော၊ ဗိုလ်စွဲဖို့ အထူးရေပန်းစားနေတဲ့ မန်ချက်စတာ စီးတီးပါ အုပ်စုပွဲစဉ်တွေ ရာနှုန်းပြည့် အနိုင်ရထားတဲ့ မှတ်တမ်းကို ဆုံးရှုံးလိုက်ကြရပါတယ်။ နောက်ပိုင်းပွဲစဉ်တွေ တောက်လျှောက် အခြေအနေ ကောင်းလာတဲ့ ချဲလ်ဆီးကတော့ အီတလီမြေမှာ အေစီမီလန်ကို အနိုင်ယူပြီး အုပ်စုအဆင့်က လွတ်မြောက်ရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါပြီ။ 

ကိုပင်ဟေဂင် ၀ – ၀ မန်ချက်စတာစီးတီး

လက်ရှိ ခြေစွမ်း အထက်ဆုံး ဖြစ်နေတဲ့ တိုက်စစ်မှူး ဟာလန်းကို အနားပေးထားပေမယ့် လူစုံတက်စုံ အသုံးပြုခဲ့တဲ့ မန်ချက်စတာ စီးတီး အသင်းဟာ ဒိန်းမတ်မြေမှာ ကိုပင်ဟေဂင်ကို သရေကျသွားပြီး ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်​ နိုင်ပွဲဆက်နေမှု ရပ်တန့်သွားပါတယ်။ စီးတီးအတွက် ကံဆိုးတာက သွင်းဂိုးတစ်ဂိုးကို ပယ်ဖျက်ခံရပြီး ပင်နယ်တီလည်း မဝင်ခဲ့ခြင်းပါပဲ။ ဒါ့အပြင် ကစားသမား တစ်ယောက်ပါ အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါသေးတယ်။ ပွဲချိန် ၁၀ မိနစ်မှာ ကတည်းက ရိုဒရီက လှပတဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းခဲ့ပေမယ့် ဂိုးမသွင်းခင် မာရက်ဇ်ရဲ့လက်နဲ့ ဘောလုံး ထိမိတယ်လို့ VARအရ ဆုံးဖြတ်ပြီး ကွင်းလယ်ဒိုင်က သွင်းဂိုးကို ပယ်ဖျက်လိုက်ပါတယ်။ ၂၃ မိနစ်မှာတော့ စီးတီးရဲ့ ထောင့်ကန်ဘောကို ဖျက်ထုတ်ဖို့ ကြိုးစားရင်း ကိုပင်ဟေဂင် ခံစစ်မှူးက လက်ထိဘော ဖြစ်ခဲ့လို့ ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီပင်နယ်တီကို မာရက်ဇ် ကန်သွင်းပေမယ့် ကိုပင်ဟေဂင် ဂိုးသမား ဂရာဘာရာက ပုတ်ထုတ် ကာကွယ်သွားခဲ့ပါတယ်။ ၂၉ မိနစ်မှာတော့ ပြိုင်ဘက် ကစားသမားကို တားဆီးပုံ ကြမ်းတယ်လို့ သတ်မှတ်ပြီး စီးတီး ဘယ်နောက်ခံလူ ဂိုမက်ဇ်ကို ဒိုင်လူကြီးက VAR အဆုံးအဖြတ်နဲ့ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ တစ်ယောက်လျော့သွားချိန်မှာ စီးတီးဟာ အနိုင်ရဖို့ထက် ရမှတ် မဆုံးရှုံးရေးကို ပိုပြီး သတိကြီးကြီး ကစားသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးမရှိ သရေသာ ဖြစ်ခဲ့ပေမယ့်လည်း စီးတီးဟာ အုပ်စုအဆင့်ကနေ ကျော်လွန်ပြီး ရှုံးထွက်အဆင့် တက်ရောက်ဖို့ သေချာနေပြီ ဖြစ်ပါတယ်။ 

အေစီမီလန် ၀ – ၂ ချဲလ်ဆီး

အီတလီ စီးရီးအေ ချန်ပီယံ မီလန်ဟာ ချဲလ်ဆီးနဲ့ အတွေ့မှာ နှစ်ကျော့စလုံး ဒူးထောက်ခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အဖွင့်ပွဲစဉ်တွေမှာ ရလဒ် ဆိုးခဲ့ပေမယ့် မီလန်ကို နှစ်ပွဲဆက် အနိုင်ယူပြီးတဲ့နောက် အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်တက်လှမ်းလာပါပြီ။ ပွဲချိန် ၁၈ မိနစ်မှာ မီလန် နောက်ခံလူ တိုမိုရီက ချဲလ်ဆီး ကွင်းလယ် ကစားသမား မောင့်ကို ပင်နယ်တီ ဧရိယာထဲမှာ နောက်က ဆွဲထားတယ်ဆိုပြီး ဒိုင်က တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ ရရှိလာတဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟိုက တည်တည်ငြိမ်ငြိမ် ကန်သွင်းပြီး ချဲလ်ဆီးတို့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ လက်ခံ ကစားရပေမယ့် တစ်ယောက်လျော့သွားတဲ့ မီလန်ဟာ အောက်စည်း အနေအထားကို ရောက်သွားပြီး ၃၃ မိနစ်မှာ နောက်တစ်ဂိုး ထပ်ပေးလိုက်ရပြန်ပါတယ်။ မောင့်ပေးပို့တဲ့ ဘောလုံးကို စတာလင်က ထိန်းဖို့ ကြိုးစားနေတဲ့အချိန် အနောက်က ပြေးတက်လာတဲ့ အူဘာမီယန်းက ဝင်ကန်ပြီး ဂိုးသွင်းယူသွားခဲ့တာပါ။ ဒီပွဲမှာ နှစ်သင်းစလုံး နောက်ထပ် ဂိုးသွင်းခွင့်တွေ ရခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ချဲလ်ဆီးကပဲ ၂-၀ နဲ့ အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာဆီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ မီလန်ကတော့ အုပ်စုက လွတ်မြောက်ဖို့ လက်ကျန် ၂ ပွဲကို အစွမ်းကုန် ရုန်းကန်ရတော့မှာပါ။ 

ရှက်တာဒိုးနက်စ် ၁ – ၁ ရီးရဲလ်မက်ဒရစ်

မိုဒရစ်၊ ဗင်နီးရှပ်စ်၊ အလာဘာ၊ ကာဗာဟဲလ်တို့လို ကစားသမားတွေကို အရန်ခုံမှာထားပြီး အိမ်ရှင် ရှက်တာဒိုးနက်စ် အသင်းကို ရီးရဲလ်က ရင်ဆိုင်ခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ အသင်းအနေနဲ့ ဒီပွဲနိုင်ရင် အုပ်စုက လွတ်မြောက်ဖို့ သေချာမှာ ဖြစ်ပေမယ့် သရေကျခဲ့တာကြောင့် နောက်ပွဲတွေမှာ အမှတ်စုဆောင်းဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံး ပထမပိုင်းမှာ အခွင့်အရေးတချို့ ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း ပြန်စစချင်းမှာ ရှက်တာက လျင်လျင်မြန်မြန် တိုက်စစ်ဆင်လာပြီး ဘယ်ခြမ်းက ခုပ်တင်ပေးတဲ့ ဘောလုံးကို ဇူဘ်ကော့ဗ်ရဲ့ တိကျသပ်ရပ်တဲ့ ခေါင်းတိုက်ချက်နဲ့ ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရီးရဲလ်က ချေပဂိုးရဖို့ တိုက်စစ် အရှိန်မြှင့်ခဲ့ပေမယ့် ဂိုးရဖို့ ရုန်းကန်နေရသလို ရှက်တာအသင်းရဲ့ တန်ပြန် ထိုးစစ်တွေကြောင့် ဂိုးထပ်ပေးရမလို အနေအထားတွေတောင် ကြုံခဲ့ပါတယ်။ ရီးရဲလ်အတွက် အဖိုးတန် ချေပဂိုးကိုတော့ နာကျင် အပိုဆောင်းချိန် နောက်ဆုံးမိနစ်ကျမှ ခရူးစ်ရဲ့ တိကျတဲ့ အဝေးဘော ပေးပို့မှုကို နောက်ခံလူ ရူဒီဂါက ခေါင်းတိုက် သွင်းယူခဲ့တာပါ။ ဒီဂိုးကို သွင်းယူချိန်မှာ ရှက်တာ နောက်ခံလူတစ်ယောက်၊ ဂိုးသမားနဲ့ ရူဒီဂါတို့ လူချင်း ဝင်ဆောင့်မိတာကြောင့် သုံးယောက်စလုံး အနာတရ ဖြစ်ခဲ့ကြပါသေးတယ်။ 

အခြားပွဲစဉ် ရလဒ်များ

မက္ကာဘီဟိုင်ဖာ ၂ – ၀ ဂျူဗင်းတပ်စ်

ဒိုင်နမိုဇာဂရက်ဘ် ၁ – ၁ ဆဲလ်ဇ်ဘက်ဂ်

ဆဲလ်တစ် ၀ – ၂ လိုက်ပ်ဇစ်

ဘိုရပ်ရှားဒေါ့တ်မန် ၁ – ၁ ဆီဗီးလား

ပီအက်စ်ဂျီ ၁ – ၁ ဘင်ဖီကာ