မွေးမြူရေး နွားတွေနဲ့ မခွဲမခွာ လာနေထိုင်တဲ့ တောဝက်ပေါက်လေး

မွေးမြူရေး နွားအုပ်နဲ့ပဲ အဖော်ပြု နေထိုင်တဲ့ တောဝက်ပေါက်လေး တစ်ကောင်ဟာ ဂျာမနီက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ နာမည်ကြီးလာပါတယ်။

ဂျာမနီ အလယ်ပိုင်း၊ ဘရီဗော်ဒီ ဒေသက လယ်သမားကြီး ဖရိုင်း စတေပယ်လ်က အဲဒီ တောဝက် အကောင်ပေါက်လေးရဲ့ အကြောင်းကို မီဒီယာတွေဆီ စတင် အသိပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ၃ ပတ်လောက်က သူမွေးထားတဲ့ နွားတွေကြားထဲမှာ ထူးထူးဆန်းဆန်း ဧည့်သည်လေး ရောက်နေတာကို စတေပယ်လ်က စတင် သတိထားမိခဲ့ပါတယ်။

တောထဲမှာ သဘာဝအလျောက် ကျက်စားလေ့ရှိတဲ့ တောဝက်လေး တစ်ကောင်က နွားတွေနဲ့ လက်ပွန်းတတီး ရှိနေတာကို မြင်မိပေမယ့် သိပ်မကြာခင် တောထဲ ပြန်သွားလိမ့်မယ်လို့ စတေပယ်လ်က ယူဆခဲ့ပါတယ်။ ဒါပေမဲ့ သူထင်သလို မဖြစ်ခဲ့ပါဘူး။

အခုဆိုရင် တောဝက်လေးဟာ နွားအုပ်နဲ့ပဲ မခွဲမခွာ နေထိုင်ပြီး သူ့ကိုယ်သူလည်း နွားအုပ်ထဲက အဖွဲ့ဝင် တစ်ကောင်လုံး စိတ်ဒုံးဒုံးချ ယူဆထားဟန် ရှိနေပါတယ်။ နွားတွေကလည်း တောဝက်လေးကို ချစ်ချစ်ခင်ခင် မွေးစားထားကြပုံ ရပါတယ်။ အခုတော့ တောဝက်လေးကို ဖရိုင်ဒါလို့ နာမည်ပေးပြီး နွားတွေနဲ့အတူပဲ နေခွင့် ပေးထားလိုက်ပါတယ်။

စတေပယ်လ်က ဖရိုင်ဒါဟာ စားကျက်မြေနားက ချောင်းတစ်ခုကို ဖြတ်သန်းသွားတဲ့ တောဝက်အုပ်ကနေ မျက်စိလည်ပြီး ကျန်နေခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ သူဟာ တောဝက်ကလေးကို မျိုးနွယ်တူတွေဆီ ပြန်ပို့ဖို့ စဉ်းစားခဲ့သေးပေမယ့် တောဝက်ရိုင်းတွေက အန္တရာယ် အရမ်းကြီးလို့ ဒီစိတ်ကူးကို လက်လျှော့လိုက်ရကြောင်းလည်း စတေပယ်လ်က ရှင်းပြပါတယ်။

ဖရိုင်ဒါကို နို့စား နွားမကြီးတွေနဲ့အတူ နေရာထိုင်ခင်း စီစဉ်ပေးထားလိုက်ပြီး တောဝက်ကလေးကို ပစ်မသတ်ကြဖို့ ဒေသခံ မုဆိုးတွေကိုလည်း စတေပယ်လ်က မေတ္တာရပ်ခံထားပါတယ်။ အခုအခြေအနေကျမှ ဖရိုင်ဒါကို တောကြီးမျက်မည်းထဲ တစ်ကောင်ထဲ ပြန်လွှတ်ပေးလိုက်ဖို့ကလည်း မမျှတဘူးလို့ ယုံကြည်ကြောင်း သူက ပြောကြားသွားပါတယ်။

Ref: NPR