သေနတ်ဒဏ်ရာရလာတဲ့ ဖျာပုံရဲတဦးကို ရန်ကုန်ဆေးရုံကြီးဆီ အရေးပေါ်လွှဲပြောင်း

သေနတ်ဒဏ်ရာ အပြင်းအထန် ရရှိထားတဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့က ရဲတပ်ဖွဲ့ဝင်တဦးကို ဖျာပုံခရိုင်ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို စက်တင်ဘာ (၂၃) ရက် ဒီနေ့ နေ့လည်က အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ မြို့ခံပရဟိတအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒဏ်ရာတွေ ဘယ်လိုရရှိခဲ့တယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ဖုံးကွယ်ထားပြီး DNA အနေနဲ့ စုံစမ်းနေစဲ ဖြစ်ပါတယ်။
ရဲတပ်သား စံလင်းစိုးရဲ့ ပေါင်အပေါ်ပိုင်းမှာ ဒဏ်ရာတခု ၊ ဝမ်းဗိုက်ပေါက် ဒဏ်ရာတခုရရှိခဲ့တာလို့ သိရပါတယ်။
“ပေါင်အနောက်အပေါ်ပိုင်းမှာ ဒဏ်ရာတွေ့တယ် ။ ဗိုက်ထဲမှာကို ဖေါက်ဝင်နေတဲ့ ကျည်ဆံက ရှိနေတာဆိုတော့ ဒဏ်ရာကိုမမြင်ရဘူး ။ သွေးတွေပဲတွေ့ရတယ် ။ ဖျာပုံ ဆေးရုံမှာက ဒီလောက်ဒဏ်ရာ ဆို မရဘူးမှန်းသိနေတော့ ချက်ခြင်းပဲ ရန်ကုန်ဆေးရုံကို လွှဲလိုက်တာလေ ။ ရန်ကုန်ဆေးရုံကြီးကိုသွားပို့ပေးရပါတယ်” လို့ ရဟိတအသင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရဲတပ်သား စံလင်းစိုးမှာ သေနတ်ဒဏ်ရာ ဘယ်လိုရခဲ့တယ်ဆိုတာ မျက်မြင်သေချာ ပြောဆိုနိူင်သူမရှိပဲ အချင်းချင်း ဒါမှမဟုတ် စစ်ကောင်စီရဲ့ တပ်သားတွေနဲ့ အချင်းများပြီး သေနတ်နဲ့ အပစ်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတဦးက သုံးသပ်ပါတယ် ။ ဖျာပုံက ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်အကြားမှာ အပြန်အလှန် ယုံကြည်မှု မရှိပဲ စစ်တပ်က ရဲတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
ဖျာပုံ ရဲတပ်ဖွဲ့ဝင် နယ်မြေခံ နယ်ထိန်း ထက်လင်း ၊ မင်းထက်ပိုင် နဲ့ ယာဥ်ထိန်းရဲ တပ်ဖွဲ့ဝင်တဦး အပါအဝင် စုစုပေါင်း သုံးဦးကို စစ်​ကြောရေးမှာ ဒီလ လဆန်းပိုင်းအတွင်း စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။