ပုသိမ်မှာ ညမထွက်ရအမိန့် ထပ်ဆင့်ထုတ်

Photo – CJ

ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ မှာ ည( ၁၂) နာရီ ကနေ မနက်( ၄) နာရီအတွင်း ညမထွက်ရ ကန့်သတ်အမိန့်ကို စစ်ကောင်စီက စက်တင်ဘာ (၂၂) ရက်နေ့မှာ ထပ်ဆင့်ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပုသိမ်မြို့မှာ ရဲဝန်ထမ်း အိမ်ယာရှေ့ ဗုံးပေါက်ကွဲမှုနဲ့ ကမ္ဘာဇ KBZ ဘဏ်ခွဲ (၄) ခုကို တိုက်ခိုက်မယ်လို့ ပုသိမ်မြို့ ပြ ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ (၂၁) ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က အခုလို ထပ်ဆင့် ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ် ။

“ညမထွက်ရ အမိန့်က အရင်ထုတ်ထားတာရှိတယ်။ အဲ့ဒါကို သက်တမ်း မပြည့်သေးပဲနဲ့ ကြားဖြတ်ပြီး ထပ်ဆင့်ထုတ်ပြန်တာပါ” လို့ အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီ ဟာ ပုသိမ်မြို့မှာပြစ်မူဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ( ၁၄၄) ၊ ညမထွက်ရအမိန့် အမှတ်(၅/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ က သက်တမ်းတိုး ထုတ်ပြန်ခဲ့တာပါ။

ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိ တစုံတရာ ခွင့်ပြုချက် မရှိပဲ ည (၁၂) နာရီ ကျော်လွန်ပြီး အိမ်အပြင်ထွက် သွားလာနေကြသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။

“လူ (၅) ဦးထက်ပိုတဲ့ လူစုဝေးတာ ၊ လမ်းလျှောက်တာ၊စီတန်းလှည့်လည်ဟောပြောတာ၊ဟစ်အော် ကြွေး ကြော်တာ လှုံ့ဆော်တာ ရုန်းရင်းဆန်ခတ် ပြုမှုတာတွေ မလုပ်ဖို့လည်း” ကြေညာသွားတယ်လို့ သိရပါတယ်။

လက်ရှိအခြေ အနေမှာတော့ ပုသိမ်မြို့က ကမ္ဘာဇ KBZ ဘဏ်ခွဲ (၄) ခု ရှေ့မှာ စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်တွေ နေ့ည စောင့်ကြပ်နေပြီး တည်းခိုခန်း ၊ ဟိုတယ် ၊ မိုတယ်တွေ မကျန် ရပ်ကွက်တွေမှာလည်း ဧည့်စာရင်းစစ်တာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပါတယ်။