
ဂန့်ဂေါမြို့နယ်တောင်ပိုင်း မဲရွာက ကလေးငယ်တွေအပါအဝင် ပြည်သူလေးဆယ်ဝန်းကျင်ကို စစ်ကောင်စီ စစ် ကြောင်းက စက်တင်ဘာ (၁၄) ရက် နေ့လယ်ပိုင်းကတည်းက ဓားစာခံအဖြစ်ဖမ်းခေါ်သွားတယ်လို့ ဂန့်ဂေါ တောင်ပိုင်း PDF ခေါင်းဆောင် ကိုဝေလေးက DNA ကိုပြောပါတယ်။
“သူတို့စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားတာပါ၊ ခုသူတို့တွေ မဲ(ရွာ)နဲ့ခေါင်းတုံ(ရွာ)ကြားမှာရှိဦးမှာ” လို့ ကိုဝေလေးက ပြောပါတယ်။
မဲရွာကဖမ်းဆီးခံရတဲ့ ရွာသူရွာသားတွေထဲက သုံးဦးထွက်ပြေးလွတ်မြောက်လာတယ်လို့ ဒေသခံကာကွယ် ရေး တပ်တွေဆီကသိရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
စစ်ကောင်စီစစ်ကြောင်းဟာ မဲရွာကနေ ခေါင်းတုံရွာဘက်အကူးလမ်းမှာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့တိုက် ခိုက်မှုမခံရဖို့အတွက် အခုလိုကလေးသူငယ်အပါအဝင် ပြည်သူလေးဆယ်ဝန်းကျင်ကို ဓားစာခံအဖြစ် ခေါ်ဆောင် သွားတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။
မဲရွာကပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်း ဆီးခေါ်ဆောင်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ(၁၃) ရက်နဲ့(၁၄) ရက်နေ့တွေမှာ လယ်မရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ် (၁၂) လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ဂန့်ဂေါနယ်မှာစစ်ကြောင်းထိုးတဲ့အခါတိုင်း တွေ့တဲ့ပြည်သူတွေကို ဖမ်းဆီးပြီး ပစ္စည်းတွေသယ်ယူခိုင်းတာ၊ ချက်ပြုတ်ခိုင်းတာတွေအပြင် လူသားဒိုင်းအဖြစ်ပါ အသုံးပြုလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။