ဂန့်ဂေါမြို့မြောက်ဘက် စိန်ဒူးကျေးရွာကနေအိမ်တွေကို စစ်ကောင်စီကမွှေနှောက်ပြီး ပစ္စည်းတွေခိုးယူ

Photo – ယောအလင်းတန်း (စစ်ကောင်စီမွှေနောက်သွားတဲ့ စိန်ဒူးကျေးရွာကနေအိမ်များ)

ဂန့်ဂေါမြို့မြောက်ဘက် မြစ်သာမြစ်သာခြားတဲ့ စိန်ဒူးကျေးရွာကနေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက မွေ နှောက်ပြီး ပစ္စည်းတွေခိုးယူသွားကြတယ်လို့ ဒေသခံတွေနဲ့ဒေသကာကွယ်ရေးတပ်တွေက DNA ကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ (၁၁)ရက်နေ့က စိန်ဒူးကျေးရွာကိုဝင်ရောက်ခဲ့တာ ဖြစ်ပြီးနှစ်ည အိပ်ပြီးနောက် ဒီကနေ့ (၁၃)ရက်နေ့မနက်မှာ ကျေးရွာကနေ ထွက်ခွာသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

“စိန်ဒူးကနေ ဆန်နဲ့သီးနှံတွေ ဂန့်ဂေါက ခ.လ.ရ (၅၀) ထဲကို ကားတွေနဲ့တိုက်တာကိုတော့ ကျွန်တော်တို့သိတယ်၊ စစ်ရှောင်နေတဲ့ရွာသားတွေဆီကနေ ရွှေငါးကျပ်သားနဲ့ ပိုက်ဆံတွေယူသွားတယ်ဆိုတာတော့ သေသေချာမသိ သေးဘူး” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထွက်ခွာသွားပြီဖြစ်တဲ့အတွက် စိန်ဒူးရွာသားတချို့ဟာ ကျေးရွာကိုဝင်ရောက်ရှင်းလင်း နေဆဲဖြစ်ပြီး စစ်ဘေးရှောင်အများစုကတော့ ရွာထဲကိုပြန်မလာကြသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီရွာမှာ ဝင်ရောက်စခန်းချသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာကနေ ဆန်နဲ့သီးနှံတွေကိုယူဆောင်သွား တယ်လို့သာ လတ်တလောသိရပြီး အခြားဘာပစ္စည်းတွေယူဆောင်သွားတယ်ဆိုတာ အတိအကျမသိရသေးပါဘူး။

စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရွာ​လေးရွာက နေအိမ် (၄၂) နှစ်လုံး၊ နွားစာတိုက် ကိုးလုံးနဲ့ မီးဘေးဒုက္ခသည်တွေအတွက် လှူဒါန်းထောက်ပံ့ဖို့ထားတဲ့ ဆန်တင်း (၁၅၀) ကို စက်တက်ဘာလအတွင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး စိန်ဒူးကျေးရွာကိုတော့ မီးမရှို့ဘဲ တစ်အိမ်တက်ဆင်း ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေ ခိုးယူသွားတာဖြစ်ပါတယ်။

ဂန့်ဂေါမြို့အနီးအနားတဝိုက်မှာ စစ်တပ်က စစ်ကြောင်းဖြန့်ထားဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဂရုစိုက်သတိရှိကြဖို့ ဒေသခံတပ်တွေကနှိုးဆော်ထားပါတယ်။