ဂန့်ဂေါ တောင်ယာပြင်ရွာကသားအမိနှစ်ဦး လက်နက်ကြီးထိပြီး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ယာပြင်ကျေးရွာအနီး ယာခင်းထဲ ဒီကနေ့ နေ့လယ်ပိုင်းမှာ လက်နက် ကြီးကျည်ကျ ပေါက်ကွဲလို့ ပဲနှုတ်နေတဲ့သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ဟာ ဒီကနေ့မနက်ပိုင်းမှာ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထွက်လာခဲ့ပြီး ဂန့်ဂေါ-ဟားခါး လမ်ဆုံးအရောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ တောင်ယာပြင်ရွာနားက ယာခင်းထဲကျ ပေါက်ကွဲကာ သားအမိနှစ်ဦးဒဏ်ရာရခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတချို့နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်နက်ကြီးကျည် ထိမှန်ခဲ့တဲ့ ဒေသခံသားအမိနှစ်ဦးကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (YRPA) က လာရောက်ကူညီဆေးကုသပေးခဲ့တာကြောင့် လက်ရှိမှာ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့လည်း YEPA တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်နပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တောင်ယာပြင်ကျေးရွာရဲ့ ယာခင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပဲနုတ်နေတဲ့ သားအမိနှစ်ဦးကို ထိမှန်ခဲ့သလို ဘောပြင်းရွာဘက်ကိုလည်း ကျရောက်ပေါက်ကွဲခဲ့ရာမှာ နွားတကောင် ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာတွင်း နေအိမ်တွေပါ တုန်ခါခဲ့တဲ့အထိ ပြင်းထန်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။