တရုတ်က Lockdown ဧရိယာတွေမှာ စားနပ်ရိက္ခာပြတ်လို့ ဒေသခံတွေ မကျေမနပ်ဖြစ်နေ 

Photo – New York Times

 တရုတ်မှာ ကပ်ရောဂါ ထိန်းချုပ်ရေး စီမံချက်အဖြစ် Lockdown ကြေညာပြီး အသွားအလာ ကန့်သတ်ထားတဲ့ ဒေသတွေမှာ စားနပ်ရိက္ခာနဲ့ အခြေခံ လိုအပ်ချက်တွေ ပြည့်မီအောင် မဖြည့်ဆည်းနိုင်တဲ့အပေါ် မကျေမနပ် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

 တရုတ် အာဏာပိုင်တွေဟာ ကပ်ရောဂါ ကူးစက်မှုတွေကို ချိုးနှိမ်ဖို့အတွက် လက်ရှိ အချိန်ထိ Zero Covid မူဝါဒကို ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်လူနာ တွေ့ရှိမှု များလာတဲ့ နေရာဒေသတွေမှာ တင်းကျပ်တဲ့ Lockdown အမိန့်တွေကို ထုတ်ပြန်နေဆဲပါ။ ဒီနည်းလမ်းမျိုးကို ကပ်ရောဂါ အစောပိုင်း ကာလတွေမှာ တစ်ကမ္ဘာလုံးလိုလို ကျင့်သုံးခဲ့ပေမယ့် လက်ရှိမှာတော့ နိုင်ငံ အများစုက ကပ်ရောဂါနဲ့ ယှဉ်တွဲနေထိုင်နိုင်မယ့် ပိုမို ငြင်သာပျော့ပျောင်းတဲ့ အစီအမံသစ်တွေကို ကူးပြောင်း လက်ခံလာကြပါပြီ။

 အခုဆိုရင် တရုတ် အပြည့်အဝ၊ ဒါမှမဟုတ် တစိတ်တပိုင်း Lockdown ကြေညာထားတဲ့ ဒေသပေါင်း ၃၀ ထက်မနည်း ရှိနေပြီး လူသန်းပေါင်း ဆယ်ဂဏန်းနဲ့ချီ နေအိမ်တွေထဲမှာ ပိတ်မိနေကြပါတယ်။ အခုဆိုရင် Lockdown ချထားတာ နှစ်ပတ် ကျော်လာပြီဖြစ်ကြောင်း၊ အိမ်မှာ သိုလှောင်ထားတဲ့ ဂျုံ၊ ဆန်နဲ့ ကြက်ဥတွေ အားလုံး ကုန်သွားပြီ ဖြစ်သလို ကလေးတွေလည်း နွားနို့ မသောက်ရတာ ကြာပြီဖြစ်ကြောင်း နိုင်ငံ အနောက်ပိုင်း ရှင်းကျန်းဒေသမှာ နေထိုင်တဲ့ အိမ်ရှင်မ တစ်ယောက်က ပြောပါတယ်။ ဒီလိုပြဿနာမျိုးတွေကို ကွမ်ကျိုးနဲ့ ဆီချွမ်တို့လို တခြားပြည်နယ်တွေမှာလည်း ကြုံနေရပါတယ်။

 Lockdown ဧရိယာတွေမှာ လုံလောက်တဲ့ စားနပ်ရိက္ခာနဲ့ လူသုံးကုန်တွေ၊ ဆေးဝါးတွေ မဖြည့်ဆည်းနိုင်လို့ တရုတ် အာဏာပိုင်တွေ မကြာခဏ ဝေဖန်ခံရပေမယ့် ဒီပြဿနာကို အခုအချိန်ထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။ တရုတ် ကွန်မြူနစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကို လာမယ့်လမှာ ကျင်းပမှာ ဖြစ်တာကြောင့် ပြည်သူလူထုရဲ့ မကျေလည်မှုတွေ ပိုတိုးပွား မလာခင် တာဝန်ရှိသူတွေက ကပ်ရောဂါ ကူးစက်ရာ ဒေသတွေဆီ စားနပ်ရိက္ခာတွေ ကတိုက်ကရိုက် ပို့ဆောင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

 စက်တင်ဘာ ၁၂ ရက်မှာ ကိုဗစ် လူနာသစ် ၉၄၉ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း တရုတ် ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ စားနပ်ရိက္ခာနဲ့ အခြေခံ လူသုံးကုန် ပြတ်လပ်မှုတွေ အဆိုးဆုံး ဖြစ်ပေါ်နေတာကတော့ ရှင်းကျန်း ဒေသက မြို့တွေဖြစ်ပြီး အဲဒီပြည်နယ်မှာ ကာဇက်အနွယ်တွေ၊ ဝီဂါမွတ်ဆလင်တွေနဲ့ ဟန်တရုတ်လူမျိုးတွေ ရောနှော နေထိုင်ကြပါတယ်။

 တရုတ်အစိုးရဟာ ဝီဂါမျိုးနွယ်စုတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း ကာလရှည်ကြာ စွပ်စွဲ ခံနေရပါတယ်။ အခုလ အစောပိုင်းမှာ ထွက်ပေါ်လာတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာတော့ တရုတ် အာဏာပိုင်တွေဟာ ဝီဂါတွေအပြင် ရှင်းကျန်းမှာ ရှိနေတဲ့ လူနည်းစု မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပြီး ဝီဂါမျိုးနွယ်စု ၁ သန်းကျော်လောက်ဟာ မတရား ချုပ်နှောင် ထိန်းသိမ်း ခံထားရကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ တရုတ်ကတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး ဝီဂါတွေကို ထိန်းသိမ်းရေး စခန်းတွေထဲမှာ ကန့်သတ် ထားရှိတာဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအမံ တစ်ရပ်သာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

 တရုတ်ဟာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နိုင်ငံဖြစ်ပေမယ့် ရောဂါကြောင့် သေဆုံးမှု အချိုးအစားကတော့ ကမ္ဘာ့နိုင်ငံ အများစုနဲ့ ယှဉ်ရင် အရမ်းနည်းပါတယ်။ တရုတ်က တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကပ်ရောဂါ စတင်ချိန်နောက်ပိုင်း သေဆုံးသူ ဦးရေဟာ ၁၅၀၀၀ အောက်သာ ရှိတယ်လို့ သိရပါတယ်။