အမေရိကန်အိုးပင်း ချန်ပီယံဖြစ်လာတဲ့ ဆယ်ကျော်သက် တင်းနစ်သမားလေး 

Photo- New York Times

စပိန် ဆယ်ကျော်သက် လူငယ်လေး ကားလို့စ် အယ်လ်ကာရက်ဇ်ဟာ တင်းနစ် အားကစားရဲ့ ဂုဏ်သိက္ခာ အကြီးဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အမေရိကန် အိုးပင်းမှာ အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။

 ဂရင်းဆလင်းအဆင့် သတ်မှတ် ခံရတဲ့ ပြိုင်ပွဲကြီး လေးခုထဲက အမေရိကန် အိုးပင်းမှာ ဗိုလ်စွဲတဲ့အချိန် အယ်လ်ကာရက်ဇ်ရဲ့ အသက်ဟာ ၁၉ နှစ်သာ ရှိပါသေးတယ်။ ပရိသတ်တွေက သူ့ကို တစ်ချိန်မှာ ဂရင်းဆလင်း ချန်ပီယံ တစ်ယောက်၊ ကမ္ဘာ့အဆင့် ၁ တင်းနစ်သမားတစ်ယောက် ဖြစ်လာမယ်လို့ ကြိုတင် ထင်ကြေးပေးထားကြပြီး ကက်စ်ပါရုဒ်ကို အနိုင်ရတဲ့ ဗိုလ်လုပွဲမှာတော့ အဲဒီ အလားအလာကောင်း နှစ်ခုစလုံး အမှန်တကယ် အထမြောက်လာခဲ့ပါပြီ။

 အယ်လ်ကာရက်ဇ်က ရုဒ်ကို ၆-၂၊ ၂-၆၊ ၇-၆ (၇-၁)၊ ၆-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်းတလျှောက် ပထမဆုံး အထင်ကရ ဆုဖလား တစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးတော့ အမျိုးသား တစ်ဦးချင်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာလည်း ရုရှား အကျော်အမော် ဒီနီးလ် မက်ဗီဒက်ဗ်ကို ကျော်ဖြတ်ပြီး အယ်လ်ကာရက်ဇ်က ပထမ နေရာကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

 တကယ်လို့သာ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အသက် ၂၃ နှစ်အရွယ် ရုဒ်ကလည်း ကမ္ဘာ့အဆင့် ၁ နေရာကို ရောက်လာမှာပါ။ ဒါပေမဲ့ ကံအကြောင်းမလှစွာနဲ့ပဲ အဆင့်မြင့် ပြိုင်ပွဲကြီးတွေမှာ ဗိုလ်လုပွဲထိ ရောက်ခဲ့တဲ့ ၂ ကြိမ်စလုံး အရေးနိမ့်ခဲ့ရပါတယ်။ 

ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား ဖြစ်ဖို့နဲ့ ဂရင်းဆလင်းအဆင့် ပြိုင်ပွဲကြီး တစ်ခုမှာ ဗိုလ်စွဲဖို့ ဆိုတာက ချာတိတ်လေး ဘဝကတည်းက သူဆုပ်ကိုင်ထားတဲ့ အိပ်မက်တွေ ဖြစ်ခဲ့ကြောင်း၊ ဒီအခြေအနေမျိုး ရောက်လာအောင် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပြီး လက်တွေ့ ကြုံလာတဲ့ အခါမှာလည်း ထူးကဲလွန်းတယ်လို့ ခံစားမိကြောင်း အယ်လ်ကာရက်ဇ်က ပြောပါတယ်။

 သူဟာ ၂၀၀၅ ခုနှစ်က စပိန်သား ရာဖေးလ် နာဒဲလ်က ပြင်သစ် အိုးပင်းမှာ ဗိုလ်စွဲခဲ့တဲ့နောက်ပိုင်း အသက်အငယ်ဆုံး အမျိုးသား တစ်ဦးချင်း ဂရင်းဆလင်း ချန်ပီယံအဖြစ် မှတ်တမ်း ဝင်လာခဲ့ပါတယ်။ အမေရိကန် အိုးပင်းမှာတော့ သူ့မတိုင်ခင် အသက်အငယ်ဆုံး ချန်ပီယံ ဖြစ်ခဲ့ဖူးတာက အမေရိကန်သား ပိထ်ဆမ်းပရက်စ်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်မှာ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

Ref: BBC

Delta News

Read Previous

ဘိုင်ဒန်ရဲ့ 9/11 နှစ်ပတ်လည် မိန့်ခွန်းမှာ ဒီမိုကရေစီကို ကာကွယ်ကြဖို့ တိုက်တွန်းသွား

Read Next

ကပ်ရောဂါ ကာလနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်မှာ ပူတင်နဲ့ တွေ့ဆုံမယ့် ရှီကျင့်ဖျင်