ဘိုကလေး မြင်းကကုန်းကျေးရွာက ပြည်သူတဦးကို စစ်ကောင်စီ ဖမ်းဆီး

Photo – CJ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာက ပြည်သူတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ (၃) ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားပြီး ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိရသေးဘူး လို့ရွာခံတွေက DNA ကိုပြောပါတယ်။

ဖမ်းဆီးခံရသူဟာ မြင်းကကုန်းရွာမှာနေထိုင်တဲ့ ဦးဝင်းဌေးဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ရှာဖွေဖမ်းဆီးချိန်မှာ PVC ပိုက်ဖြတ်စတွေလည်းသိမ်းဆည်းသွားလို့ သိရပေမယ့် ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ ရွာခံတွေကိုယ်တိုင်က အတည်မပြုနိုင်ပါဘူး။

“သူတို့ပြောတာပဲ ကြားရတယ်၊ အနားကို ဘယ်သူမှ သွားမကြည့်ရဲဘူး သေနတ်တွေနဲ့ ချိန်ထားတော့ ဘယ်သူမှလည်း အနားမသွားရဲပါဘူး သူတို့ကသိတဲ့အတိုင်းပဲလေ ဖမ်းချင်ရင် သူတို့က အကြောင်းမရှိ အကြောင်းရှာပြီး ဖမ်းနေကျ”လို့ ရွာခံတဦးက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးဝင်းဌေးဟာ စားသောက်ဆိုင်ပိုင်ရှင်တဦးဖြစ်ပြီး NLD ပါတီ ထောက်ခံအားပေးသူ ဆိုပေမယ့် နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ဝင် ပါဝင်လှုပ်ရှားတာမရှိဘဲ အနေအထိုင် အေးဆေးသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးဝင်းဌေးအခုလို ဖမ်းဆီးခံရတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းမိခဲ့တဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တချို့နဲ့ ဆက်စပ်နေနိုင်တယ်လို့ ဒေသခံတွေကြား ယူဆကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို ဒေသခံအများစု ရှင်းရှင်းလင်းလင်း မသိကြရပါဘူး။

“နေ့တိုင်းကြားနေရတယ်၊ ဖမ်းခံရသူတွေကလည်း Pdf ထောက်ပံ့ တော်ကြာ ဆက်စပ်အမျိုးမျိုး အကြမ်းဖက် ပုဒ်မ တွေတပ်နေတာပဲ မြင်ရ ကြားရ ဖြစ်နေတယ် သူခိုး ဓါးမြတွေ မိတဲ့အသံတစ်ခါမှ မကြားရဘူး သူတို့ဖမ်းတဲလူတွေကလည်း လူကောင်းသူကောင်းတွေချည်း ရွေးဖမ်းနေသလိုပဲ” လို့ မြင်းကကုန်း ကျေးရွာမှာ နေထိုင်သူတဦးက ပြောပါတယ်။