ဘိုကလေးမြို့မှာ ပျူစောထီး ခေါင်းဆောင်ဖြစ်သူ ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူး ရှင်းလင်းခံရ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ညီနောင်ဝကျေးရွာအုပ်စု ကျောင်းစုကျေးရွာမှာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ကြံ့ဖွံ့ပါတီရဲ့ စည်းရုံးရေးမှူးလည်းဖြစ်သူ ဦးမြင့်သူ (ခ) မောင်မြင့်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက် ၈ နာရီ ၅ မိနစ်လောက်မှာ ကျောင်စုကျေးရွာက စစ်အုပ်စုလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဦးမြင့်သူကို ဗိုလ်ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနဲ့ ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဘိုကလေး PDF က ဖော်ပြထားပါတယ်။
ပစ်ခတ်ရှင်းလင်းမှုမှာ ဦးမြင့်သူဟာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံကို တင်ပို့ထားရတယ်လို့ ဘိုကလေး PDF က ဆိုပါတယ်။
“ကျွန်တော်တို့ ရဲဘော်တွေ အားလုံး အန္တရာယ်ကင်းပါတယ်၊ နောက်ဆက်တွဲ သတင်းတွေကိုတော့ ဆက်လက်ထောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်” လို့ ဘိုကလေး PDF က တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။
ဦးမြင့်သူဟာ ကျေးရွာအုပ်စု ၁၁ စုကို ကြီးစိုးထားပြီး ချဲထီရောင်းချသူတွေကို လိုင်းကြေးကောက်ခံကာ စစ်အာဏာသိမ်းယူမှုကို လက်မခံသူတွေကို စစ်အုပ်စုနဲ့ ပူးပေါင်းကာ ဖမ်းဆီးခိုင်းနေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။