အာဖဂန်နစ္စတန်မှာ ဗလီပေါက်ကွဲမှုအတွင်း လူပေါင်းဆယ့်ရှစ်ဦး သေဆုံး

 

photo- AP

 

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းက လူစည်ကားတဲ့ ဗလီတစ်ခုမှာ ဩဂုတ်လ ၂ရက်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုအတွင်း တာလီဘန်တွေနဲ့ နီးစပ်ပြီး ထင်ရှားတဲ့ ဘာသာရေးဆရာတစ်ဦး အပါအဝင် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန်အရာရှိတွေနဲ့ ဒေသခံ ဆေးမှူးတစ်ဦးက ပြောဆိုပါတယ်။

ဗုံးပေါက်ကွဲမှုဟာ Herat မြို့မှာရှိတဲ့ Guzargah ဗလီထဲမှာ ဝတ်ပြုသူတွေနဲ့ ပြည့်နှက်နေတဲ့အချိန် သောကြာနေ့ မွန်းတည့် ဆုတောင်းပွဲလုပ်နေတုန်း  ပေါက်ကွဲခဲ့တာဖြစ်ပြီး မြေပြင်မှာ အလောင်းတွေ ပြည့်နေတာကို ရုပ်သံဖိုင်တွေနဲ့လည်း ပြသထားပါတယ်။

သေဆုံးသူတွေထဲမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်း အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံ ပြုထားတဲ့ အစိုးရတွေကို ဝေဖန်တာတွေကြောင့် အာဖဂန်တဝှမ်း ထင်ရှားကျော်ကြားလာတဲ့ ဘာသာရေးခေါင်းဆောင် Mujib-ul Rahman Ansari လည်း ပါဝင်တယ်လို့ သိရပါတယ်။

အန်ဆာရီဟာ ပြီးခဲ့တဲ့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခဲ့တဲ့ တာလီဘန်တွေနဲ့ နီးစပ်သူတဦးလည်း ဖြစ်ပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့လက မြို့တော် ကဘူးလ်က ဗလီတစ်လုံး တိုက်ခိုက်ခံရမှုအတွင်း တာလီဘန်လိုလားတဲ့  ဘာသာရေးဆရာတစ်ဦးကို ပစ်မှတ်ထားကာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့  အိုင်အက်စ်စစ်သွေးကြွ အဖွဲ့က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ကလည်း သောကြာနေ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဆော်ဒီအခြေစိုက် မွတ်ဆလင်နိုင်ငံများအဖွဲ့ကတော့ “အာဖဂန်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေကို ပြင်းပြင်းထန်ထန် စိုးရိမ်နေဆဲဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။