ဟေတီနိုင်ငံမှာ ရာဇဝတ်မှုထူပြောလာတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် လူထောင်ချီဆန္ဒပြ

Photo – Reuters

ဟေတီနိုင်ငံမှာ  ရာဇဝတ်မှုတွေ ထူပြောလာတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဆန့်ကျင်တဲ့ ဩဂုတ်လ ၂၂ရက်နေ့က ဆန္ဒပြပွဲမှာ ထောင်နဲ့ချီတဲ့လူတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။ 

နိုင်ငံမှာ ၁၀နှစ်အတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံး ရောက်ရှိလာတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။ 

 နိုင်ငံအတွင်း လောင်စာဆီနဲ့ ဒီဇယ်ဆီတွေရှားပါးလာပြီး စီးပွားရေးလုပ်ငန်းအချို့ ပိတ်လိုက်ရတာတွေကြောင့်ပြည်သူတွေဒေါသထွက်နေကြတာပါ။

Cap-Haitien ၊ Petit-Goave နဲ့ Jacmel စတဲ့ မြို့ကြီးတွေမှာပါ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး မြို့တော် ပေါ့အူပရင့်မှာတော့ ဆန္ဒပြသူတွေဟာ ပိတ်ပင်ထားတဲ့ အတားအဆီးတွေကို မီးရှို့ခဲ့ကြပါတယ်။ 

ဒီဆန္ဒပြပွဲဟာ ၁၈၀၄ခုနှစ်မှာ ပြင်သစ်နိုင်ငံကနေ ဟေတီနိုင်ငံလွပ်လပ်ရေးရဖို့ ကြိုပမ်းခဲ့တဲ့ ၁၇၉၁ခုနှစ် ကျွန်စနစ်တော်လှန်ရေးနှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

ငွေကြေးတန်ဖိုး ကျဆင်းပြီးနောက် နိုင်ငံ့စီးပွားရေးဟာ အခုနှစ်မှာ ၀ ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဗဟိုဘဏ်အရာရှိ Jean Baden Dubois က ပြောကြားခဲ့ပါတယ်။

၂၀၂၂ ဇွန်လက စတွက်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုက ၂၉ရာခိုင်နှုန်းရှိပြီး “ဒီဖြစ်ရပ်က ၁၀နှစ်အတွင်းအမြင့်ဆုံးငွေကြေးဖောင်းပွတာဖြစ်တယ်” လို့  Jean Baden Dubois ကသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ကာလရှည်ကြာ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေရဲ့ ရလဒ်ကြောင့် နယ်မြေတော်တော်များများ အစိုးရထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်နေခဲ့ပြီး ပြိုင်ဘက်ဂိုဏ်းအဖွဲ့တွေအကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေကြောင့် လူရာချီသေဆုံးကာ ထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်အတွင်း စက်သုံးဆီရှားပါးမှု ပြဿနာ ကြုံတွေ့ခဲ့ရပြီး အချို့ဆိုရင် အလုပ်တောင် မသွားနိုင်ကြပါဘူး။

လောင်စာဆီ တင်ပို့သူတွေဟာ ငွေကြေးရရှိဖို့နဲ့  ဗဟိုဘဏ်ကနေ ဒေါ်လာရဖို့ အခက်အခဲ ရင်ဆိုင်နေရချိန် နိုင်ငံမှာ သိုလှောင်ထားတဲ့ လောင်စာဆီပမာဏဟာ တဖြည်းဖြည်းလျော့နည်းလာနေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်နှစ်ခုကို ကိုးကားပြီး  Reuters သတင်းဌာနက ဖော်ပြပါတယ်။