ဆယ်စုနှစ်ချီခိုးယူခံထားရတဲ့ ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်းတွေကို အမေရိကန် ပြန်လည်ပေးအပ်

Photo – AFP

ခိုးယူခံထားရတဲ့ ကမ္ဘောဒီးယားအနုပညာလက်ရာတွေနဲ့ ရှေးဟောင်းပစ္စည်း ၃၀ ကို အမေရိကန်က ကမ္ဘောဒီးယားကို ဩဂုတ်လ ၈ ရက်နေ့မှာ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ္စည်းတွေဟာ ရှေးဟောင်းခမာမြို့ အပါအဝင် ကမ္ဘောဒီးယားနိုင်ငံတလွှား ခိုးယူခံခဲ့ရတာဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ဆယ်စုနှစ်ချီပြီး မှောင်ခိုဈေးကွက်ထဲ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

Manhattan ဗဟိုအစိုးရရှေ့နေ Damian Williams က ခိုးယူခံထားရတဲ့ ရှေးဟောင်းပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ ကမ္ဘောဒီးယားသံအမတ် Keo Chhea ဆီ တရားဝင်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘောဒီးယားလူမျိုးတွေဆီ ပြန်လည်ပေးအပ်ရတဲ့ အတွက် ဂုဏ်ယူပါတယ်၊ အနုပညာနဲ့ ရှေးဟောင်းပစ္စည်း တရားမဝင်ရောင်းဝယ်ဖောက်ကားမှု လျှော့ချဖို့အတွက် ကျွန်တော်တို့ရဲ့ကတိကဝတ်ကို ထပ်မံအတည်ပြုပါတယ်” လို့ Williams က ပြောဆိုပါတယ်။

အနုပညာလက်ရာ ၃၀ ထဲမှာ ဒေါင်းပေါ် ထိုင်နေတဲ့ ဟိန္ဒူနတ်ဘုရား Skanda ရဲ့ ၁၀ ရာစုက ပန်းပုရုပ်တုနဲ့ ဟိန္ဒူနတ်ဘုရား Ganesha ရဲ့ ၁၀ ရာစုနှစ်က ရုပ်တုတွေ ပါဝင်ပါတယ်။ ရုပ်တုနှစ်ခုစလုံးဟာ ရှေးဟောင်း ခမာမြို့တော်ဖြစ်တဲ့ Koh Ker ကနေ ခိုးယူခံခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေနဲ့ စီးပွားရေးသမားတွေက  အာရှ၊ ဥရောပနဲ့ အမေရိကမှာရှိတဲ့ ပြတိုက်တွေဆီ တရားမဝင် တင်ပို့တာတွေ မလုပ်ဆောင်ခင် လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ထောင်နဲ့ချီတဲ့ ကမ္ဘောဒီးယား ခမာရုပ်ထုနဲ့ ပန်းပုရုပ်တုတွေကို ဘန်ကောက်ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူတွေဆီမှာ မှောင်ခိုရောင်းဝယ်ဖောက်ကားခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

၄၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ အန်ကောဝပ်ဟာ ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းသုတေသန နယ်မြေတစ်ခု ဖြစ်ပြီး ၉ ရာစုမှ ၁၄ ရာစုအထိ ကြာမြင့်ခဲ့တဲ့ ခမာအင်ပါယာရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။

Delta News

Read Previous

ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့ Kumgang အပန်းဖြေစခန်းကို ပြုံယမ်းအစိုးရ ဖြိုချ

Read Next

မာလီနိုင်ငံမှာ စစ်သွေးကြွတွေရဲ့ လက်ချက်ကြောင့် လူပေါင်း နှစ်ဆယ်ကျော် သေဆုံး