ကွန်ဂိုမှာ ကုလသမဂ္ဂကိုဆန့်ကျင်ဆန္ဒပြမှုတဲ့ အဓိကရုဏ်းအတွင်း လူဆယ့်ငါးဦးထက်မနည်း သေဆုံး

Photo -AP

ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ ကုလသမဂ္ဂကို ဆန့်ကျင်တဲ့ နှစ်ရက်ကြာ ဆန္ဒပြမှုအတွင်း အဓိကရုဏ်းဖြစ်ပွားပြီး ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင်လ ၂၆ရက်နေ့မှာ  ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၁ဦးနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။

ဆန္ဒပြပွဲဟာ ကွန်ဂိုနိုင်ငံအရှေ့ပိုင်း Kivu ပြည်နယ် Butembo မြို့ရှိ ကုလသမဂ္ဂ အခြေစိုက်စခန်းမှာ ဖြစ်ပွားခဲ့တာပါ။ အကြမ်းဖက်တိုက်ခိုက်ရေးသမားတွေက ကွန်ဂိုရဲတွေဆီက လက်နက်တွေ လုယူခဲ့ပြီး ကုလသမဂ္ဂဝန်ထမ်းတွေကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ခုလိုဖြစ်ရတာဟာ ကွန်ဂိုအရှေ့ပိုင်းဒေသမှာ အကြမ်းဖက်မှုမြင့်တက်နေတဲ့အချိန် ငြိမ်းချမ်းရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်ဆိုပြီး Goma မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးတွေကို ဇူလိုင်လ ၂၅ရက်နေ့က စတင်မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် ဆန္ဒပြသူတွေဟာ ရုံးထဲကို အတင်းအကြပ် ဝင်ရောက်ဖို့ကြိုးစားခဲ့ကြပြီး ကုလသမဂ္ဂ တပ်ဖွဲ့ဝင်တွေကို ထွက်ခွာဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဇူလိုင်လ ၂၆ရက်နေ့မှာတော့ ရာနဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေဟာ  ကုလသမဂ္ဂတပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းတွေကို ထပ်မံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

“လူအုပ်တွေက ကျောက်ခဲတွေ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ်၊ သူတို့က အခြေစိုက်စခန်းတွေကို ဖြိုခွင်းဖို့ အဆောက်အအုံကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်” လို့ ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောဆိုထားပါတယ်။

ဆက်လက်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သားတွေ သတ်ဖြတ်ခံရမှုနဲ့ အရပ်သားဒဏ်ရာရရှိမှုအပါအဝင် အသေအပျောက် အစီရင်ခံစာတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ Haq က ပြောဆိုထားပါတယ်။

၂၀၂၁ ဇွန်လ နဲ့ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာ ကုလသမဂ္ဂငြိမ်းချမ်းရေးမစ်ရှင်ဟာ ကွန်ဂိုနိုင်ငံ Kasai Central နဲ့ Tanganyika ဒေသတွေမှာရှိတဲ့ သူ့ရဲ့ရုံးတွေကို ပိတ်ခဲ့ပါတယ်။