ပုသိမ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ အကြပ်ကိုင်ငွေတောင်းလို့ ရပ်ကွက်နေထိုင်သူတွေအခက်တွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက်ရဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အကြပ်ကိုင်ငွေတောင်းနေတာကြောင့် သူတို့အနေနဲ့ အခက် အခဲနဲ့ တွေ့ကြုံ နေရတယ်လို့ ၁၂ ရပ်ကွက်သားတဦးက DNA ကိုပြောပါတယ်။
“ဆက်ကြေးတောင်း သလို မျိုးတောင်းနေတာ။ ရပ်ကွက်ထဲမှာ တစ်နေ့လုပ် တစ်နေ့စားတွေများတယ်။ ပေးစရာ လည်း ငွေမရှိ ပြေးစရာလည်း မြေမရှိ ဆိုတော့ တကယ့်အခက် အခဲပါ။ မရှိသေးလို့ တောင်းပန်တာ မရဘူး ။ အာဏာဖီဆန်တာလား ပြောလို့ ရှာကြံပေး နေရတယ်” လို့ ဆိုပါတယ်။
စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဝင်းအောင် နဲ့ဇနီးဖြစ်သူ၊ ရာအိမ်မှူးတွေဖြစ်ကြတဲ့ မြတ်မင်း၊ အရှည်ကြီး နဲ့ သိန်းအောင်တို့က မြို့နယ်သာယာရေးလုပ်အားပေးခ တစ်လ ၁၂,၀၀၀ ကျပ်၊ ရပ်ကွက်သန့်ရှင်းရေးအတွက် ခြံတစ်ခြံ ၃၀,၀၀၀ ကျပ် ၊ ခြံ၊မြေပိုင်ဆိုင်ကြောင်း ထပ်ဆင့်ထောက်ခံစာ ၃၀,၀၀၀ကျပ်၊ ဧည့်စာရင်းထောက်ခံစာ တစ်ပါတ်ကို တစ်ဦး ၁,၀၀၀ ကျပ်၊ခရီးသွား နဲ့ ရပ်ကွက်မှာ နေထိုင်ကြောင်း ထောက်ခံစာ ၃,၀၀၀ ကျပ် စသဖြင့် ကောက်ခံနေပြီး၊ မပေးပါက စစ်တပ် ၊ ရဲ နဲ့ ဖမ်းမယ်ဆိုပြီး ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
အမှတ် ၁၂ ရပ်ကွက်မှာ အုတ်ဖုတ်လုပ်ငန်း နဲ့ ကျပန်းလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ပြောင်းရွေ့ လုပ်သား အများစု နေထိုင်ကြတာပါ။
အရင်က လုပ်ငန်းစဝင်တဲ့ ပြောင်းရွေ့လာချိန် တစ်ကြိမ်သာ ရာအိမ်မှူးက တဆင့် ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ကို အခမဲ့ အကြောင်းကြားလို့ ရပေမယ့် ခုအခါ တစ်ဦးကို ၁,၀၀၀ ကျပ် နဲ့ တစ်ပါတ် တစ်ကြိမ် ဧည့်စာရင်းတိုင်ပြီး နေထိုင်ကြရတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။
ဒါ့အပြင်အမှတ် ၁၂ ရပ်ကွက် အတွင်းရှိ ရေကြည်ဦး ၊ ကွက်သစ် ရေမြုပ်ရေလျှံ မဖြစ်စေဖို့ အတွက် ဖို့ထားတဲ့ ရေတားတမံမှာ စိုက်ထားတဲ့ မြေထိန်းသစ်ပင် အပင် ၂၀၀ ကျော်ကိုလည်း အုပ်ချုပ်ရေးမှူး ဝင်းအောင် က ခုတ်လှဲပြီး ကိုယ်ကျိုး စီးပွားအတွက် ရောင်းချခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
“NLD အစိုးရ လက်ထက် အုပ်ကြီးက သက်တမ်းကုန်လို့ နုတ်ထွက်သွားပြီးမှ စစ်တပ်က သူ့ကိုအုပ်ကြီးပြန်ခန့် လိုက်တာမှာ ၊ သူက ရပ်ကွက်ထဲ အာဏာပြ အနိုင်ကျင့်လွန်းလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ တုန်းက PDF တွေက သတိ ပေးစာ ပို့ တာခံရဘူးတယ်” လို့ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကပြောပါတယ်။
စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဝင်းအောင် ဟာ ၂၀၁၂ ခုနှစ် မတိုင်မီက ကြံ့ဖွံ့ပါတီဝင် တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ NLD ပါတီဝင်ဖြစ်လာတယ်လို့ သိရပါတယ်။ အဲဒီနောက် အမှတ် ၁၂ ရပ်ကွက်၊ကြက်ခတ်ကုန်းအိမ်စုမှာ ရာအိမ်မှူး ဖြစ်လာခဲ့သူပါ။သူဟာ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ရပ်ကွက် ကော်မရှင် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပါတယ်။