လုံခြုံရေးတင်းကျပ်နေတဲ့ကြားက အာဏာရှင်ဆန့်ကျင်သပိတ်ကို ဆင်နွဲခဲ့ကြတဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ဒီနေ့ ၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ”မတရားမှု လွင်ပြင်တွင်ခိုလှုံ စရာအရိပ်မရှိ” စာတန်းကိုင်စွဲပြီး ဆန္ဒထုတ်ဖော်သပိတ်မှောက်ခဲ့ကြပါတယ်။
” ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် ကျနော်တို့ ကလေးလွင်ပြင်ကို တရားသောလွင်ပြင်ဖြစ်သည်အထိတိုက်ပွဲဝင်သွားမှာပါ။
မြို့ပြည်သူလူထုအနေနဲ့လည်း သွေးမအေးဘဲ ဒီထက်ပိုမိုပါဝင်ပူးပေါင်းကြပါ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ဇူလိူင်လ ၂၃ ရက်နေ့မနက် ၈ နာရီဝန်းကျင်မှာ ကလေးမြို့၊ ဒ.က.စ လမ်း၊ လေယာဥ်ကွင်းတောင်ဘက်၊ ရွှေစင် (၂) စားသောက်ဆိုင်နားမှာ စစ်ကောင်စီကား တစီး ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ဆေးရေးတွေ၊ လှည့်ကင်းတွေနဲ့ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ၃၅၁ ရက်မြောက် အာဏာရှင်ဆန့်ကျင်သပိတ်ကို မိုးရွာထဲမှာ ဆင်နွဲခဲ့ကြတာဖြစ်ပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတဲ့ စစ်ကားဟာလမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ Operation Mo Mo အဖွဲ့က ထုတ်ပြန်ပေမယ့် DNA အနေနဲ့ သီးခြားအတည်းပြုချက်မရသေးပါဘူး။
ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ကားတွေနဲ့ လမ်းဆုံအရှေ့ဘက် ဗိုလ်ချုပ်လမ်းမကြီးပေါ် ဥဒဟိုမောင်းနေလို့ လမ်းမကြီးဘေးစျေးသည်တွေ အထိတ်တလန့်နဲ့ စျေးသိမ်းခဲ့ရသလို စျေးဝယ်သူတွေလည်း အမြန်ပြန်ခဲ့ကြရတယ်လို့ သိရပါတယ်။