မတ္တရာဖက်ဒရယ်ကျောင်းမှာ ကျောင်းအပ်လက်ခံ

မန္တလေးတိုင်း၊မတ္တရာဖက်ဒရယ်ကျောင်းမှာ အခြေခံပညာကျောင်းသားတွေကို ကျောင်းအပ်လက်ခံနေပြီလို့ သိရပါတယ်။
ဇွန်လ၅ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ မူလတန်း Batch-2 ၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေကို ကျောင်းအပ် လက်ခံနေပေမဲ့ အရည်အသွေးပြည့်ဝတဲ့ပညာသင်ကြားပေးနိုင်ရေးအတွက် သင်ကြားပေးမယ့်ဆရာဦးရေနဲ့ အချိုးချလက်ခံရခြင်းဖြစ်တာကြောင့် သတ်မှတ်ပမာဏကျော်လွန်ပါက ကျောင်းအပ်လက်ခံခြင်းကို ယာယီရပ်ဆိုင်းထားမယ်လို့ Madaya Educational CDM Committee-MECC က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုကျောင်းတွေကို လုံးဝတက်ရောက်ခြင်းမရှိတဲ့ကျောင်းသားတွေနဲ့ အရင်ပညာသင်နှစ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် စစ်အုပ်စုကျောင်း တက်ခဲ့ရပြီး အခုပညာသင်နှစ်မှာ လုံးဝတက်ရောက်ခြင်း မရှိတဲ့ကျောင်းသားတွေကိုကျောင်းအပ်လက်ခံမှာဖြစ်ပါတယ်။
NUGအစိုးရ၊ ပညာရေးဝန်ကြီးဌာန ရဲ့ မူဝါဒအတိုင်း​ဆောင်ရွက်နေခြင်းဖြစ်ပြီး အခမဲ့ပညာရေးအစီအစဉ်ဖြစ်တာမို့ ကျောင်းလခပေးသွင်းစရာမလိုပေမဲ့ ပြေလည်တဲ့မိဘတွေက လှူဒါန်းလိုပါက လက်ခံသွားမယ်လို့ထုတ်ပြန်ထားပါတယ်။