ကဝမြို့အဝင် ဂိတ်စောင့်စစ်သားတွေ ဆိုင်ကယ်လိုင်စင်မပါရင် ငွေလေးသောင်းအထိ တောင်းရမ်းနေ

ပဲခူးတိုင်း၊ ကဝမြို့အဝင်ဂိတ်မှာ အကြမ်းဖက်စစ်သားတွေက ဆိုင်ကယ်လိုင်စင်မပါတဲ့သူတွေကို ကျပ်လေးသောင်းအထိခြိမ်းခြောက်တောင်းရမ်းနေတယ်လို့ သိရပါတယ်။
ကဝမြို့အဝင်နဲ့ မြို့ရှောင်လမ်းဂွဆုံမှာရှိတဲ့ အဲဒီစစ်ဆေးရေး ဂိတ်မှာ ဂိတ်စောင့်စစ်သားတွေကပြီးခဲ့တဲ့ ၅ ရက်လောက်ကစပြီး ဆိုင်ကယ်လိုင်စင် မပါတဲ့သူတွေကို ဆိုင်ကယ်အမျိုးအစားအလိုက် ကျပ် ၃၀၀၀၊ ၅၀၀၀ နဲ့ ဆိုင်ကယ်အမျိုးအစားကောင်းပါက ကျပ်သုံးသောင်း၊ လေးသောင်းအထိ တောင်းရမ်းနေကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Kawa Information က ဖော်ပြပါတယ်။
သူတို့တောင်းရမ်းလို့ရတဲ့ငွေတွေထဲက တစ်ဝက်ကို ကဝမြို့နယ်မှာ တာဝန်ကျတဲ့ဗိုလ်မှူးထံ ဆက်ကြေးခွဲပေးရတယ်လို့ စစ်သားတစ်ဦးကပြောကြောင်း သိရပါတယ်။
‘လိုင်စင်မပါလို့ဆိုပြီး ပိုက်ဆံလေးသောင်း တောင်းတယ်။ အဲလောက်တော့ မပါလို့ တစ်သောင်း ထုတ်ပေးတာ။ လုံးဝ မရဘူး။ ပိုက်ဆံမပါရင် ဆိုင်ကယ်ထားခဲ့။ ငါတို့ချည်းပဲ ရတာမဟုတ်ဘူး။ ရသမျှထဲက ဗိုလ်မှူးကို တစ်ဝက်ပေးရတာလို့ စစ်သားတစ်ယောက်က ပြောတယ်။ အဲဒါနဲ့ အိမ်ကိုဖုန်းဆက် ပိုက်ဆံလာပို့ခိုင်းပြီး ဆိုင်ကယ်ကို လေးသောင်းနဲ့ ရွေးခဲ့ရတယ်’လို့ ကဝမြို့ခံတစ်ဦးကပြောကြောင်း Kawa Information ကဆိုပါတယ်။
ကဝမြို့နယ်အတွင်းရှိ တခြားစစ်ဆေးရေးဂိတ်တွေဖြစ်တဲ့
ဇွဲတွန်၊ သက္ကလနဲ့ ရစ်ကန်ကြီး-အလယ်ရွာ စစ်ဆေးရေးဂိတ်တွေမှာ ဆိုင်ကယ်လိုင်စင်မပါလို့ ငွေတောင်းတာ မျိုးမရှိသေးပေမဲ့ ကားတွေကိုတော့ အနည်းဆုံး ကျပ် ၁၀၀၀ တောင်းကြောင်း သိရပါတယ်။
‘အဲဒီဂိတ်တွေမှာ လူကိုမှတ်ပုံတင်ပြခိုင်းပြီးဆိုင်ကယ်ဆင်းတွန်းခိုင်းတာပဲရှိတယ်။ပိုက်ဆံမတောင်းဘူး။ ကားတွေကိုတော့ ခရီးသည်တင်ကားကအစ ၁၀၀၀ တောင်းတယ်။တက္ကစီဆိုရင် ၂၀၀၀။ မပေးဘူးဆိုရင် ကားပေါ်တက်ပြီး ခရီးသည်တွေကို ထောက်ခံစာပြခိုင်းတာတို့ ဖုန်းစစ်တာတို့ ရစ်ရော။ ငွေပေးရင်တော့ ဘာမှမစစ်ဘူး။ အိုကေပဲ’ လို့ ကဝမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ကားတွေကို ငွေတောင်းနေတာ တစ်နှစ်လောက်ကြာပြီလို့ သူကဆက်ပြောပါတယ်။
ပုံစာ-ပိုက်ဆံတောင်းနေတဲ့ ကဝဂိတ်