ပေါင်းတည် ဘုန်းကြီးကျောင်းဝန်းထဲ အကြမ်းဖက်စစ်တပ် နင်းမိုင်းတွေ ထောင်ထားခဲ့

photo- ပေါင်းတည် PDF
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် အတွင်းရှိ လဲပင်ကျေးရွာဘုန်းကြီးကျောင်းဝန်း အတွင်းမှာ အကြမ်းဖက်စစ်တပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ သိရပါတယ်။
လဲပင်ရွာဘုန်းကြီးကျောင်းဝန်းအတွင်း နေရာတော်တော်များများမှာ နင်းမိုင်းတွေ ထောင်ထားခဲ့ခြင်းဖြစ်တာကြောင့် ရွာသူရွာသားတွေနဲ့ အနီးပတ်ဝန်းကျင်က သွားလာနေကြသူတွေအနေနဲ့ လဲပင်ဘုန်းကြီးကျောင်းအတွင်း ဖြတ်သန်းခြင်းမပြုကြဖို့ ပေါင်းတည် PDF က ဒီနေ့ထုတ်ပြန်ပါတယ်။
လဲပင်ကျေးရွာဝန်းကျင်မှာ အကြမ်းဖက်စစ်တပ် ကျက်စားနေလေ့ရှိပြီး PDF တွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံရလေ့ရှိကြောင်း ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
‘စစ်တပ်က သူတို့ အတိုက်ခံရတာတွေရှိတော့ အောက်တန်းကျတာပေါ့။ ဘုန်းကြီးကျောင်းလို နေရာမျိုးမှာ မိုင်းထောင်ရဲလောက်အောင် အောက်တန်းကျတာ’ လို့ သူကပြောပါတယ်။
ဧပြီ ၁၅ ရက်နေ့၊ နေ့လည်ပိုင်းက လဲပင်ကျေးရွာအနီး တပ်စွဲ ထားတဲ့ စစ်တပ်ကို ပေါင်းတည် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၃) ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ ၁၆ ရက်မှာ လဲပင်ကျေးရွာကို စစ်ကူလာတဲ့စစ်တပ်ကို ငရှဉ့်ကွင်းကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည် PDF က ထုတ်ပြန်ပါတယ်။